အသက်(၁၇)နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ယူရိုဗိုလ်လုပွဲမှာ အနိုင်ရချင်တယ်လို့ ယာမားလ် ဆို

0

ဒီနေ့ကစားမယ့် စပိန်-အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမတိုင်ခင် အသက်(၁၇)နှစ်ပြည့်ခဲ့တဲ့ စပိန်အသင်းကြယ်ပွင့် ယာမားလ်က သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် အင်္ဂလန်အသင်းကို အနိုင်ယူပြီး ချန်ပီယံဆု ရယူချင်တယ်လို့ ဆိုခဲ့ပါတယ်။

ယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နိုင်ငံအသင်း ဗိုလ်လုပွဲရောက်ရှိအောင် (၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားသူပါ။

ယာမားလ်ရဲ့အသက်(၁၇)နှစ်ပြည့်မွေးနေ့ပွဲကို စပိန်အသင်းလေ့ကျင့်ရေးဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး စပိန်အသင်းဖော်တွေက ‘Happy Birthday’ သီချင်းကို သီဆိုခဲ့ကြကာ ယာမားလ်ဟာ စတော်ဘယ်ရီကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးတွေကို မှုတ်ခဲ့တာဖြစ်ပါတယ်။ ယာမားလ်ဟာ မွေးနေ့အမှတ်တရစကားကို ပြောခဲ့ရာမှာ သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် အင်္ဂလန်အသင်းကို အနိုင်ယူချင်တဲ့အကြောင်း ပြောခဲ့တာပါ။

ယာမားလ်က “ကျွန်တော့်မွေးနေ့ကို ဒီမှာကျင်းပနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။ လက်ဆောင်အနေနဲ့ ဗိုလ်လုပွဲမှာ အနိုင်ရရှိချင်ပါတယ်။ အင်္ဂလန်နဲ့ပွဲအတွက် သွားကြမယ်”လို့ ဆိုခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ အတွက် စပိန်အသင်းက အင်္ဂလန်အသင်းထက်ပိုပြီး ရေပန်းစားနေတာပါ။ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေကတော့ သူတို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းမစားဘူးလို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ပြောထားပါတယ်။ စပိန်အသင်းအနေနဲ့ အင်္ဂလန်အသင်းကို အနိုင်ရယူခဲ့ရင် ယူရိုချန်ပီယံဆုကို(၄)ကြိမ်မြောက် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *