ယူရို-၂၀၂၄ ရဲ့ စွမ်းဆောင်ရည် အဆိုးရွားဆုံးကစားသမား(၁၁)ဦးမှာ စီရော်နယ်ဒို ပါဝင်

0

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ စပိန်သတင်းစာ Marca ရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲ
စွမ်းဆောင်ရည် အဆိုးရွားဆုံး ကစားသမား(၁၁)ဦးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အဆိုးရွားဆုံးစွမ်းဆောင်ရည်တွေနဲ့ သွင်းဂိုး(၁)ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိသလို ပေါ်တူဂီအသင်းကလည်း ကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် (၅)ပွဲပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ Round of 16 ပွဲစဉ်ဖြစ်တဲ့ ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ ပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါသေးတယ်။

Marca က ဖော်ပြခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အဆိုးရွားဆုံးကစားသမား(၁၁)ဦးစာရင်းမှာ နာမည်ကျော်ကစားသမားအချို့လည်း ပါဝင်ခဲ့ပါတယ်။

စွမ်းဆောင်ရည်အဆိုးရွားဆုံးကစားသမားတွေကတော့ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်၊ နောက်ခံလူတွေအဖြစ် အီတလီအသင်းက မန်ချီနီနဲ့ ဒီလော်ရန်ဇို၊ ဒိန်းမတ်အသင်းက ခရစ်တန်ဆန်၊ ယူကရိန်းအသင်းက ဇင်ချန်ကိုတို့ဖြစ်ပြီး ကွင်းလယ်မှာတော့ ဆားဘီးယားအသင်းက ဆာဗစ်၊ဟန်ဂေရီအသင်းက ဆိုဘို့ဆလိုင်း၊ စကော့တလန်အသင်းက မက်ဂင်းနဲ့ ရှေ့တန်းမှာ ပေါ်တူဂီအသင်းက စီရော်နယ်ဒို၊ဘယ်လ်ဂျီယံအသင်းက လူကာကူနဲ့ ဆားဘီးယားအသင်းက ဗလာဟိုဗစ်တို့ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်တယ်လို့ အတည်ပြုထားပြီး ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။ သတင်းတွေမှာတော့ စီရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားချင်နေတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *