ကိုပါအမေရိကဖလား ဗိုလ်လုပွဲသွင်းဂိုးနဲ့ ဒီမာရီယာ အနားယူဖို့ မက်ဆီ မျှော်လင့်

0

မနက်ဖြန်မနက် ကစားမယ့် အာဂျင်တီးနား-ကိုလံဘီယာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ အသင်းဖော်တောင်ပံကစားသမား ဒီမာရီယာဂိုးသွင်းပြီး နိုင်ငံတကာကစားသမားဘဝကို အဆုံးသတ်ဖို့ မျှော်လင့်တယ်လို့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက Direct TV Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

၂၀၀၈ ကတည်းက အာဂျင်တီးနားအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဒီမာရီယာဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ နိုင်ငံအသင်းက အနားယူမယ်လို့ ကြေညာထားတာပါ။

ဒီမာရီယာဟာ ၂၀၂၁ ခုနှစ်က ဘရာဇီးလ်အသင်းကို (ဝ-၁)ဂိုးနဲ့ အာဂျင်တီးနားအသင်းအနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့သလို၊ ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

မက်ဆီက သူနဲ့အတူ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ နှစ်ပေါင်းများစွာကြာအတူတွဲကစားခဲ့တဲ့ ဒီမာရီယာကို ကိုလံဘီယာအသင်းနဲ့ ဗိုလ်လုပွဲမှာလည်း ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်နေတာပါ။

မက်ဆီက “သူဟာ နောက်ဆုံးကစားခဲ့တဲ့ ဗိုလ်လုပွဲတွေမှာလုပ်ခဲ့သလိုမျိုး နောက်ထပ်သွင်းဂိုးသွင်းနိုင်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဂိုးသွင်းနိုင်ခဲ့ရင်တော့ တကယ်ကိုထူးခြားမှာပါ။ အရာအားလုံးအဆင်ပြေရင် ကျွန်တော်တို့မှာ လာမယ့် playoff ပွဲတွေရှိတယ်ဆိုတာ သူ့ကို အမြဲတမ်းပြောပါတယ်။ သူ့ရဲ့စိတ်ကဆုံးဖြတ်ပြီးဖြစ်လို့ ဒါကိုပြောင်းလဲနိုင်တာမရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဒီမာရီယာဟာ အာဂျင်တီးနားအသင်းအတွက ကိုပါအမေရိကဖလားပြိုင်ပွဲ(၆)ကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ကြိမ် အပါအဝင် ပွဲပေါင်း(၁၄၄)ပွဲကစားခဲ့ပြီး (၃၁)ဂိုးသွင်းယူထားတာပါ။ ဒီမာရီယာဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလား(၁)ကြိမ်စီအပြင် ၂၀၀၈ အိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအိုလံပစ်အသင်းအတွက် ရွှေတံဆိပ်ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *