ယူရိုဗိုလ်လုပွဲမှာ စပိန်ကိုအရေးနိမ့်ခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့ ဘယ်လင်ဂမ် အအေးပုံးကို ကန်ခဲ့

0

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ သူ့ရဲ့ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ အရန်ခုံတန်းရှေ့မှာရှိတဲ့ အအေးပုံးကို ကန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ စပိန်အသင်းကို အိုယာဇာဘယ်လ်ရဲ့နောက်ကျသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တဲ့အတွက် ယူရိုဗိုလ်လုပွဲ(၂)ကြိမ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ကစားသမားတွေဟာ အလွန်စိတ်ပျက်နေခဲ့တာပါ။

ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဘယ်လင်ဂမ်ဟာ ဒီအရှုံးရလဒ်ကြောင့် အရန်ခုံတန်းအရှေ့မှာရှိတဲ့ အအေးပုံးကို ကန်ခဲ့ပြီး အရန်ခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ် ကွင်းထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာ သူ့ကို အင်္ဂလန်အသင်းခေါင်းဆောင်ဟာရီကိန်းနဲ့ နည်းပြဆာက်ဂိတ်တို့က နှစ်သိမ့်ခဲ့ကြပါတယ်။

ဘယ်လင်ဂမ်ဟာ ဒုတိယဆုတံဆိပ်ရယူချိန်မှာ တည်ငြိမ်နေခဲ့ပေမယ့် ဆုလက်ခံရယူအပြီးမှာ အင်္ဂလန်အသင်းဖော်တချို့လိုပဲ ဒီဆုကို အလျင်အမြန်ဖယ်ရှားခဲ့တာပါ။ ဘယ်လင်ဂမ်ဟာ ပွဲအပြီးအင်တာဗျူးမှာ ရှုံးနိမ့်မှုကြောင့် အလွန်ကြေကွဲတယ်လို့ ဖြေသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ သမိုင်းကို ဖန်တီးပြီး အင်္ဂလန်ပရိသတ်တွေကို ဂုဏ်ယူစေချင်ပေမယ့် မလုပ်ပေးနိုင်ခဲ့ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဗိုလ်လုပွဲမှာ ကိုးလ်ပါမားသွင်းယူတဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက်(၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *