ကိုပါအမေရိက -၂၀၂၄ ဗိုလ်လုပွဲ ကြိုတင်ရင်ခုန်သံ

0

အာဂျင်တီးနား – ကိုလံဘီယာ
(15 July 2024 / 6:30 am)

အာဂျင်တီးနားအသင်းက ကွာတားဖိုင်နယ်မှာ အီကွေဒေါကို ပယ်နယ်တီအဆုံးအဖြတ်၊ ဆီမီးမှာ ကနေဒါကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတာဖြစ်တယ်။ ကိုလံဘီယာက ကွာတားဖိုင်နယ်မှာ ပနားမားကို (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်၊ ဆီမီးမှာ နာမည်ကြီး ဥရုဂွေးကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတာပါ။

ဒီပြိုင်ပွဲမစတင်ချိန်ကတည်းက အာဂျင်တီးနားအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပြီး အီကွေဒေါက ဘရာဇီးလ်၊ ဥရုဂွေးတို့နောက် အဆင့်(၄)နေရာမှာသာရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကိုလံဘီယာအသင်းက ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပွဲတွေမှာ လုံးဝရှုံးပွဲမရှိတော့တဲ့ သူတို့ရဲ့မှတ်တမ်းကောင်းကို ဒီပြိုင်ပွဲမှာလည်း အကျိုးပျက်မခံဘဲ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာအသင်းက နောက်ဆုံး(၂၈)ပွဲတက်တိုက် ရှုံးပွဲမရှိတဲ့ သူတို့ရဲ့မှတ်တမ်းကောင်းကို တစ်ခုတ်တရပြောမယ်ဆိုရင် အာဂျင်တီးနားကလည်း ပြန်ပြောစရာမှတ်တမ်းကောင်းတစ်ခုရှိပါတယ်။ ၂၀၁၉ ခုနှစ်ဇူလိုင်လမှာ ဘရာဇီးလ်ကို ရှုံးပြီးနောက်ပိုင်း အာဂျင်တီးနားအသင်းအနေနဲ့ နောက်ဆုံး(၅)နှစ်အတွင်းမှာ ဆော်ဒီနဲ့ ပါရာဂွေး (၂)သင်းတည်းကိုသာ ရှုံးခဲ့ဖူးတာပါ။ ကိုလံဘီယာအနေနဲ့ ဒီ(၂၈)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်မတိုင်ခင် သူတို့နောက်ဆုံးအရှုံးပေးခဲ့ရတဲ့အသင်းက အာဂျင်တီးနားအသင်းဆိုတာ မမေ့သင့်ပါဘူး။

ဒီပွဲမှာ အာဂျင်တီးနားအသင်းအနေနဲ့ ပွဲပယ်/ဒဏ်ရာပြဿနာမရှိဘဲ လူစုံပြီး ဆီမီးဖိုင်နယ်က လူစာရင်းအတိုင်း ပြန်ပွဲထွက်လာဖို့ များတယ်။ နောက်တန်းမှာ တာဂလီယာဖီကို၊ လီဆန်ဒရိုမာတီနက်ဇ်၊ ရိုမဲရိုး၊ မွန်တီရယ်လ် အလယ်တန်းမှာ အယ်လစ္စတာ၊ ဖာနန်ဒက်ဇ်၊ ဒီပေါလ်၊ ဒီမာရီယာ၊ ရှေ့တန်းမှာ မက်ဆီ၊ အယ်လ်ဗာရက်ဇ်တို့ ပွဲထွက်နိုင်ပြီး ထုံးစံအတိုင်း 4-4-2 ကစားကွက်နဲ့ပဲ ပွဲထွက်လာမှာပါ။

ကိုလံဘီယာမှာ အားထားရတဲ့ ညာနောက်ခံလူ မူနောဇ် ပွဲပယ်ခံရတာက အသင်းအတွက် နစ်နာစေတယ်။ မူနော့ဇ်က နောက်တန်းအတွက်သာမကဘဲ ညာတောင်ပံတိုက်စစ်အတွက် အားထားရသလို အသင်းအတွက် ဂိုးတွေ တက်သွင်းပေးတတ်သူလည်းဖြစ်တယ်။

ကိုလံဘီယာတိုက်စစ်မှာ ဟားမိစ်ရိုဒရီဂွက်ဇ်က ငယ်မူငယ်သွေးပြနေပြီး အသင်းအတွက် (၆)ဂိုးအထိ ဖန်တီးပေးထားတယ်။ ဟားမိစ်+ကော်ဒိုဘာ+ဒီယက်ဇ်တိုက်စစ်အတွဲက အာဂျင်တီးနားနောက်တန်းကို အလုပ်များစေမှာဖြစ်သလို ကွင်းလယ်နဲ့ နောက်တန်းကနေ ဂိုးတွေတက်သွင်းတတ်တဲ့ လာမာ၊ ရီယို့စ်၊ ဆန်းချက်ဇ် အစရှိတဲ့ ကစားသမားတွေကလည်း အာဂျင်တီးနားနောက်တန်းကို ခြိမ်းခြောက်နိုင်ပါတယ်။

ကိုလံဘီယာက ဒီပြိုင်ပွဲမှာ တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် (၁၁)ဂိုးသွင်းထားသလို၊ အာဂျင်တီးနားနောက်တန်းကလည်း ဒီပြိုင်ပွဲမှာ ခံစစ်အားအကောင်းဆုံးအသင်းအဖြစ် (၁)ဂိုးသာပေးထားရပါတယ်။

ကိုလံဘီယာအသင်း ဘယ်လောက်ခြေစွမ်းပြပြ၊ ဘယ်လောက်အဆိပ်ရှိရှိ ကျော်ဟိန်းက ကျော်ဟိန်းဆိုသလို အာဂျင်တီးနားက အာဂျင်တီးနားပါပဲ။ ကိုလံဘီယာအသင်းတိုက်စစ်ကို အဓိကဖန်တီးပေးနေတဲ့ ဟားမိစ်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဆီမှာ အဖြေရှိပါလိမ့်မယ်။

ကိုလံဘီယာအနေနဲ့ ခြေစွမ်းအကောင်းဆုံးအချိန်ကို ရောက်နေပေမယ့် အာဂျင်တီးနားအသင်းကို ကျော်ပြီး ချန်ပီယံဖြစ်ဖို့ဆိုတာ အခွင့်အလမ်းကတော့ နည်းပါးလွန်းပါတယ်။ အာဂျင်တီးနားအနိုင်/ဂိုးအများကို ကြိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *