ဩဂုတ်လ(၂)ရက်နေ့ရဲ့ အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

0

အိုလံပစ်(အမျိုးသားဘောလုံး)ကွာတားဖိုင်နယ်

မော်ရိုကို – အမေရိကန်
(2 Aug 2024/ 7:30 pm)

ဂျပန် – စပိန်
(2 Aug 2024/ 9:30 pm)

အီဂျစ် – ပါရာဂွေး
(2 Aug 2024/ 11:30 pm)

ပြင်သစ် – အာဂျင်တီးနား
(3 Aug 2024/ 1:30 am)

မော်ရိုကို – အမေရိကန်

(အိုလံပစ်ကွာတားဖိုင်နယ်)

မော်ရိုကိုက လက်ရွေးစင်အသင်းက မာကျောသလို လူငယ်အသင်းကလည်း အဆင့်တစ်ခုရှိတယ်။ မာမာထန်ထန်ကစားနိုင်ပြီး ဥရောပအသင်းတွေနဲ့ ရင်ဆိုင်ရရင်သာ တခါတလေရလဒ်ဆိုးလေ့ရှိတယ်။ အာဖရိကအသင်းတွေ၊ တောင်အမေရိကအသင်းတွေကို ကောင်းကောင်းယှဉ်နိုင်တယ်။ အုပ်စုအဖွင့်မှာလည်း အာဂျင်တီးနားကို အငြင်းပွားဖွယ် (ပွဲရပ်နားပြီး အာဂျင်တီးနားသွင်းဂိုးပယ်ဖျက်ခဲ့တဲ့) ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့တယ်။ ဒီပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာလည်း အမေရိကန်နဲ့ ရင်ဆိုင်ခဲ့ပြီး (၁-ဝ)ဂိုးနဲ့ နိုင်ခဲ့တယ်။

အမေရိကန်ကတော့ လူငယ်အသင်းတွေက သိပ်မစွံဘူး။ အိုလံပစ်ဆိုရင် အမျိုးသမီးအသင်းလောက်သာ ခြေစွမ်းပြနိုင်ပြီး အမျိုးသားအသင်းက သိပ်အားကိုးလို့မရဘူး။ ဒီပြိုင်ပွဲမတိုင်ခင်ကစားခဲ့တဲ့ပွဲတွေမှာလည်း အမေရိကန်ခြေစွမ်းက အားရစရာမရှိသလို ရလဒ်တွေလည်းဆိုးခဲ့တယ်။ ဒီပွဲလည်း မော်ရိုကိုပဲ နိုင်ဖို့ များပါတယ်။ (၁-ဝ)(၂-ဝ)လိုရလဒ်တွေကို တွေ့ရနိုင်တယ်။

ဂျပန် – စပိန်

(အိုလံပစ်ကွာတားဖိုင်နယ်)

ဂျပန်ယူ-၂၃ အသင်းက ဒီပြိုင်ပွဲမှာသာ ခြေစွမ်းပြနေတာမဟုတ်ဘဲ နောက်ဆုံးကစားခဲ့တဲ့ (၁၂)ပွဲမှာ တောင်ကိုရီးယားတစ်သင်းတည်းကိုပဲ ရှုံးထားတယ်။ (၁၀)ပွဲနိုင်တယ်။ (၁)ပွဲပဲသရေကျတယ်။ သရေကျခဲ့တာလည်း ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးပြင်သစ်အသင်းကို သရေကျခဲ့တာဖြစ်တယ်။ ဂျပန်အနေနဲ့ အုပ်စုပွဲ(၃)ပွဲလုံး အနိုင်ကစားခဲ့ပြီး ပေးဂိုးတစ်ဂိုးမှ မရှိတာလည်း ထူးခြားတယ်။ ဒီပြိုင်ပွဲမှာ ပေးဂိုးမရှိသေးတာ ဂျပန်အပြင် အိမ်ရှင်ပြင်သစ်ပဲရှိတယ်။

စပိန်က လက်ရွေးစင်အဆင့်မှာ ကစားဖူးတဲ့ မီရန်ဒါ၊ အဲရစ်ဂါစီယာ၊ ကူဘာစီ၊ အေဘယ်လ်ရုဇ်၊ ဖာမင်လိုပက်ဇ်အစရှိတဲ့ လူငယ်ကစားသမားတစ်ပုံတစ်ပင်နဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ယူရို-၂၀၂၄ အပြီး ဆက်တိုက်ရယူဖို့ မျှော်မှန်းနေတာဖြစ်တယ်။ ဒါပေမယ့် စပိန်လက်ရွေးစင်အသင်းကြီးလိုမဟုတ်ဘဲ ဒီအသင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်။ အထူးသဖြင့် နောက်တန်းက ပွဲတိုင်းလိုလိုဂိုးပေးနေရတယ်။ နောက်ဆုံးပွဲမှာ အီဂျစ်ကို (၁-၂)ဂိုးနဲ့ရှုံးခဲ့တယ်။ ပွဲပြီးခါနီးမှ ချေပဂိုးသွင်းနိုင်တယ်။ စပိန်အနေနဲ့ ဂျပန်ကို အနိုင်ရဖို့ မလွယ်ဘူး။ ဒီပွဲက နှစ်သင်းစလုံးအတွက် ခက်ခဲမယ့်ပွဲပဲ။ ပုံမှန်ပွဲချိန်မှာ(၁-၁)(၂-၂)လိုရလဒ်တွေနဲ့ သရေကျပြီး ပယ်နယ်တီအထိရောက်သွားနိုင်တယ်။

အီဂျစ် – ပါရာဂွေး

(အိုလံပစ်ကွာတားဖိုင်နယ်)

အာဖရိကအသင်းတွေထဲမှာ အီဂျစ်အသင်းက တန်းတစ်ခုရှိတယ်။ နောက်တန်းက ဂိုးပေးနည်းအောင် ကျစ်ကျစ်လစ်လစ်နဲ့ ကစားပြီး လျင်မြန်တဲ့တန်ပြန်တိုက်စစ်တွေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးတတ်တယ်။ ဒီပြိုင်ပွဲမှာ ဥဇဘက်၊ စပိန်အသင်းတွေကို အနိုင်ယူခဲ့တယ်။ ပေးဂိုးက စပိန်ကို ပေးရတဲ့တစ်ဂိုးပဲရှိတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ ပေးဂိုး(၂)ဂိုးပဲရှိတဲ့အထိ နောက်တန်းလုံလုံနဲ့ ခံစစ်အားပြုကစားတတ်တဲ့အသင်းဖြစ်တယ်။

ပါရာဂွေးက အစ္စရေး၊ မာလီတို့လို အားနည်းတဲ့အသင်းတွေကို အနိုင်ရခဲ့လို့ ကွာတားတက်လာတာဖြစ်ပြီး အုပ်စုအဖွင့်မှာ ဂျပန်ကို (ဝ-၅)ဂိုးနဲ့ ဂိုးပြတ်၊ ခြေပြတ်အရေးနိမ့်ခဲ့ရတယ်။ ပါရာဂွေးအနေနဲ့ ဒီပြိုင်ပွဲမတိုင်ခင်ခြေစမ်းပွဲတွေမှာလည်း ရလဒ်တွေဆက်တိုက်ဆိုးခဲ့ပြီး အသင်းက အားနည်းချက်တွေများတယ်။ ဒီပွဲ အီဂျစ်ကို ပိုကြိုက်တယ်။ အီဂျစ်အနိုင်၊ ဂိုးအနည်းကြိုက်တယ်။

ပြင်သစ် – အာဂျင်တီးနား

(အိုလံပစ်ကွာတားဖိုင်နယ်)

ပြင်သစ်အသင်းက ဒီပြိုင်ပွဲမှာ ၁၉၉၂ စပိန်၊ ၂၀၁၆ ဘရာဇီးလ်တို့လို အိမ်ရှင်ပရိသတ်ရှေ့မှောက် အောင်ပွဲခံနိုင်ဖို့ ကြိုးစားနေပြီး အသင်းက နည်းပြအွန်နရီ၊ ကလစ်ချီတို့လက်အောက်မှာ အသင်းကောင်းတစ်သင်း အဖြစ် ခြေစွမ်းပြနေတယ်။

တိုက်စစ်မှူးဟောင်းအွန်နရီက တိုက်စစ်အားကောင်းတဲ့အသင်းဖြစ်လာအောင် ဝါရင့်တိုက်စစ်မှူး လာကာဇက်ကို ဦးဆောင်စေပြီး ဘိုင်ယန်ကစားသမားသစ် အိုလီဆီ ၊ ပဲလေ့စ်တိုက်စစ်မှူးမာတီတာတို့နဲ့ ဝန်းရံလိုက်တော့ အတော်ကို အားကောင်းသွားတယ်။

လက်ထောက်နည်းပြ ကလစ်ချီကလည်း ခံစစ်ကို တောင့်တင်းအောင်တည်ဆောက်နေပြီး ဒီအသင်းက နောက်ဆုံး(၅)ပွဲမှာ Clean Sheet (၄)ပွဲရထားတယ်။ နောက်ဆုံးတစ်နှစ်အတွင်းကစားထားတဲ့ပွဲတွေမှာ ရှုံးပွဲမရှိဘူး။

အာဂျင်တီးနားအသင်းက နည်းပြမာရှေရာနိုရဲ့ ကိုင်တွယ်မှုလက်အောက်မှာ မှန်းဆရခက်တဲ့ အသင်းတစ်သင်းအဖြစ်ရှိနေတယ်။ အသင်းက ဒီနှစ်အတွင်း တည်ငြိမ်မှုနည်းနေပြီး ကစားထားတဲ့ပွဲတစ်ဝက်လောက် နိုင်ပွဲပျောက်ခဲ့တယ်။ မက္ကဆီကို၊ ဂီနီလိုအသင်းတွေကို ရှုံးခဲ့တယ်၊ ပါရာဂွေး၊ ဗင်နီဇွဲလားလိုအသင်းတွေကို မနိုင်ဘူး။

အသင်းနောက်တန်းကို အော်တာမန်ဒီက ဦးဆောင်နေပြီး အယ်လ်ဗာရက်ဇ်လို အတွေ့အကြုံရင့် တိုက်စစ်မှူးပါဝင်နေလို့ အာဂျင်တီးနားကို လျှော့မတွက်သင့်တာမှန်ပေမယ့် အသင်းလိုက် စုစုစည်းစည်းကစားတာ၊ ခြေစွမ်းငြိမ်တာက ပြင်သစ်အသင်းဖြစ်တယ်။ လက်ရှိမှာလည်း ပြင်သစ် Vs အာဂျင်တီးနား လူမျိုးရေးပြဿနာက အားကောင်းနေချိန်ဆိုတော့ ဒီပွဲမှာ အနိုင်မခံ အရှုံးပေးစိတ်တွေနဲ့ ကစားကြမှာဖြစ်လို့ ကြည့်ကောင်းမှာ အမှန်ပဲ။

ဒီပွဲတော့ အိမ်ရှင်လည်းဖြစ်၊ ခြေစွမ်း၊ ရလဒ်ပိုင်းတည်ငြိမ်တဲ့ ပြင်သစ်ကိုပဲ ပိုကြိုက်တယ်။ ပုံမှန်ပွဲချိန်မှာ ပြင်သစ်နိုင်မယ်။ ဂိုးများနိုင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *