ယူရို-၂၀၂၄ ဗိုလ်လုပွဲ ကြိုတင်ရင်ခုန်သံ

0

စပိန် – အင်္ဂလန်
(15 July 2024 / 1:30 am)

ပိုင်ပွဲမတိုင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းစာရင်းမှာ အင်္ဂလန်က ဦးဆောင်ခဲ့ပြီး စပိန်က အဆင့်(၄)နေရာမှာသာရှိခဲ့ပေမယ့် ပြိုင်ပွဲကာလအတွင်း အင်္ဂလန်အသင်းရဲ့ခြေစွမ်းကထင်သလောက်မဖြစ်ခဲ့တာနဲ့ စပိန်က ခြေစွမ်းပြခဲ့တာတွေကြောင့် ရေပန်းစားမှုတွေ အပြောင်းအလဲဖြစ်ကုန်တယ်။

ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့လမ်းကြောင်းမှာလည်း စပိန်က အိမ်ရှင်ဂျာမနီ၊ ပြင်သစ်အစရှိတဲ့အသင်းတွေနဲ့ လမ်းကြောင်းကြပ်ခဲ့ပေမယ့် အင်္ဂလန်က နယ်သာလန်လောက်ပဲ အသင်းကြီးအဖြစ်ရင်ဆိုင်ခဲ့ရတယ်။

ဒီဗိုလ်လုပွဲအတွက် ချန်ပီယံရေပန်းစားမှုမှာ စပိန်က (၆၀%)၊ အင်္ဂလန်က (၄၀%)လို့ သတ်မှတ်ထားကြတယ်။ ဒါကလည်း ဖြစ်သင့်တဲ့အနေအထားတစ်ရပ်ပါပဲ။

ဒီနှစ်သင်းနောက်ဆုံးတွေ့ခဲ့တာက (၆)နှစ်လောက်ရှိပြီ။ ၂၀၁၈-၁၉ UEFA Nations League မှာ အိမ်/အဝေးကွင်း တွေ့ခဲ့ကြတာဖြစ်ပြီး တစ်သင်းကိုတစ်သင်းအနိုင်ယူခဲ့ကြတယ်။ နိုင်တာကလည်း ထူးထူးခြားခြားအင်္ဂလန်က ဆီဗီလာကွင်းမှာ နိုင်ခဲ့တာဖြစ်ပြီး စပိန်က ဝင်ဘလေကွင်းမှာ နိုင်ခဲ့တာဖြစ်တယ်။

ဒီပွဲမှာ စပိန်အသင်းက ဒဏ်ရာကြောင့်အနားပေးထားရတဲ့ ပက်ဒရီနေရာမှာ အော်လ်မိုဝင်ကစားမှာကလွဲလို့ ကျန်လူစာရင်းမှာ အပြောင်းအလဲမရှိလောက်ဘူး။ ဆီမီးဖိုင်နယ်မှာ ပွဲပယ်ခံခဲ့ရတဲ့ ကာဗာဟယ်လ်နဲ့ လီနော်မန်တို့လည်း ပြန်ပါလာမှာဖြစ်တယ်။ နောက်မှာ ကူကူရယ်လာ၊ လာပေါ့တ်၊ လီနော်မန်၊ ကာဗာဟယ်လ်၊ အလယ်မှာ အော်လ်မို၊ ရိုဒရီ၊ ရုဇ်၊ ရှေ့တန်းမှာ ဝီလီယံစ်၊ မိုရာတာ၊ ယာမားလ် တို့ကို အသုံးပြုဖို့များပြီး 4-3-3 ကစားကွက်အတိုင်းပဲ ပွဲထွက်လာဖို့ များတယ်။ ဒီပြိုင်ပွဲမှာ အော်လ်မိုက ပက်ဒရီထက် ပိုအလုပ်ဖြစ်နေတာကြောင့် ဒီလူစာရင်းက စပိန်ရဲ့အတောင့်တင်းဆုံးလူစာရင်းလို့ ပြောလို့ရတယ်။

အင်္ဂလန်မှာလည်း ဒဏ်ရာရှိနေတာ ထရစ်ပီယာလောက်ပဲ ရှိတယ်။ ရှောက ပြန်ကောင်းနေပြီဆိုတော့ သိပ်ပြဿနာမဟုတ်ဘူး။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်အနေနဲ့ သူ့အသင်းက 3 Backs နဲ့ အဆင်ပြေနေပြီဆိုတာသိလို့ ဒီပွဲလည်း 3-4-2-1 ပုံစံပဲ ပွဲထုတ်ဖို့များပါတယ်။ နောက်တန်းမှာ ဝေါ်လ်ကာ၊ စတုန်းစ်၊ ဂူဟီ အရှေ့(၄)ယောက်တန်းမှာ ဆာကာ၊ မေနူး၊ ရိုက်စ်၊ ရှော၊ နောက်ချန်တိုက်စစ်(၂)ယောက်နေရာမှာ ဘယ်လင်ဂမ်၊ ဖိုဒန်၊ ရှေ့မှာ ကိန်းတို့ကို သုံးဖို့များပါတယ်။ ဒီအစုအဖွဲ့က လောလောဆယ် ဆောက်ဂိတ်အတွက် အသင့်တော်ဆုံးအစုအဖွဲ့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒီပွဲက ပြန်ပြီး အမှတ်ရစေတယ်။ အဲဒီတုန်းက စပိန်က အင်္ဂလန်ကို (၁-ဝ)ဂိုးနဲ့ ကပ်ပြီး အနိုင်ရဗိုလ်စွဲခဲ့တယ်။ အခုလည်း ဒီနှစ်သင်းရဲ့ခြေစွမ်းအနိမ့်အမြင့်၊ တိုက်စစ်စွမ်းဆောင်ရည်၊ ခံစစ်စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ကြည့်တော့ စပိန်က သိသိသာသာပိုသာနေတာ အမှန်ပါပဲ။

ကိန်း၊ ဘယ်လင်ဂမ်၊ ဆာကာ၊ ဖိုဒန်တို့က ယာမားလ်၊ ဝီလီယံစ်၊ အော်လ်မို၊ ရုဇ် အစရှိတဲ့ ကစားသမားတွေထက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ကလပ်အသင်းတွေမှာ ပြခဲ့ကြပြီး တစ်ဦးချင်းအရည်အသွေးမနိမ့်သူတွေဖြစ်ကြပေမယ့် စပိန်အစုအဖွဲ့က ဒီပြိုင်ပွဲမှာ ပိုကြောက်စရာကောင်းတဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖန်တီးနေကြတယ်။

နှစ်သင်းစလုံး ကျစ်လစ်မာကြောတဲ့ နောက်တန်းတွေကို ပိုင်ဆိုင်ထားပြီး ဗိုလ်လုပွဲအဆင့်လည်း ရောက်လာပြီဆိုတော့ ဒီပွဲဂိုးနည်းမယ်လို့ သုံးသပ်မိတယ်။ အနိုင်ရမယ့်အသင်းဆိုရင်တော့ ပွဲတိုင်း ပုံမှန်ခြေစွမ်းပြနေတဲ့ စပိန်ကိုပဲ ရွေးချယ်ချင်တယ်။ စပိန်(၁-ဝ)(၂-၁)လို ရလဒ်တွေနဲ့ (၄)ကြိမ်မြောက် ယူရိုချန်ပီယံဆုကို ရယူသွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *