ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို နောက်ကျဂိုးနဲ့ အနိုင်ယူပြီး ယူရိုဗိုလ်လုပွဲမှာ စပိန်တွေ့မယ့် အင်္ဂလန်အသင်း

0

နယ်သာလန်(၁-၂)အင်္ဂလန်

(ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်)

ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်း ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို အင်္ဂလန်အသင်းက တဖြည်းဖြည်းတိုးတက်လာတဲ့ခြေစွမ်းနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ကို ဖြတ်ကျော်ခြင်းနဲ့ ပြသခဲ့တယ်။

တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းသူတွေ အများအပြားပိုင်ဆိုင်ထားတဲ့အသင်းအနေနဲ့ ရှေ့ပွဲတွေမှာ ခြေစွမ်းကျဆင်းနေဦးတော့ .. ကြောင်ကြာကြာရေမငုပ်ဘူးဆိုတာ ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ တုန်းက အဓိကအသုံးပြုခဲ့ဖူးတဲ့ 3 Backs ကစားကွက်ကို ပြောင်းလဲလိုက်ပြီးနောက်ပိုင်း အင်္ဂလန်အသင်းက ခြေစွမ်းသိသိသာသာတိုးတက်လာတယ်ဆိုတာ ငြင်းမရပါဘူး။

ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်နဲ့သရေကျခဲ့တုန်းက အရင်ပွဲတွေထက်ပိုကောင်းတဲ့ ခြေကို မြင်ခဲ့ရသလို၊ နယ်သာလန်နဲ့ပွဲမှာတော့ ဒီပြိုင်ပွဲတစ်လျှောက်အင်္ဂလန်အသင်းရဲ့အကောင်းဆုံးခြေစွမ်းနဲ့ စုစည်းမှုကို မြင်ခဲ့ရတယ်။

နယ်သာလန်ကလည်း အရင်ပွဲတွေထက်စာရင် ဒီပွဲမှာ ကစားပုံပိုကောင်းခဲ့ပြီး အင်္ဂလန်အသင်းကို ကျော်ဖြတ်နိုင်လောက်တဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် သူတို့ဘက်မှ ကံတရားက ရှိမနေခဲ့ဘူး။

ဒီပွဲမှာ ဂိုးစရသွားတာက နယ်သာလန်ဖြစ်ပြီး ပွဲချိန်(၇)မိနစ်မှာ ဇာဗီဆိုင်မွန်က ဒက်ကလန်ရိုက်စ်ဆီက ဘောလုံးကို အတင်းဝင်လု၊ ပြီးတော့ ပယ်နယ်တီစည်းအစပ်ကနေ ဂိုးထဲ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်ကစားသမားတစ်ယောက်ရဲ့ရဲရင့်မှု၊ ယုံကြည်မှုနဲ့ ပေါင်းစပ်ထားတဲ့ Perfect ဖြစ်တဲ့ ဂိုးတစ်ဂိုးကို တွေ့ခဲ့ရတယ်။ နောက်(၁၀)မိနစ်လောက်အကြာမှာတော့ အင်္ဂလန်ချေပဂိုးရသွားပြီး ပယ်နယ်တီကတစ်ဆင့်ရရှိခဲ့တာဖြစ်တယ်။

နယ်သာလန်ဘက်ကို ဂိုးပေးလိုက်ရပြီးနောက် အင်္ဂလန်အသင်းရဲ့ချေပဂိုးရဖို့ ကြိုးစားအားထုတ်မှုတွေက လက်ခံနိုင်စရာဖြစ်ပေမယ့် ပယ်နယ်တီကတော့ ရာနှုန်းပြည့်လက်ခံဖို့ ခက်ခဲတဲ့အရာတစ်ခုဖြစ်ခဲ့တယ်။

ဂိုးဧရိယာအတွင်း ဟာရီကိန်းရဲ့ခြေထောက်ကို နယ်သာလန်နောက်ခံလူ ဒန်ဖရိုင်းစ် ဖိနပ်ဘားနဲ့ ခုကန်ခဲ့တယ်ဆိုတာမှန်ပေမယ့် ခြေထောက်နှစ်ခု ဆုံတဲ့အချိန်မှာ ဘောလုံးကို ဟာရီကိန်းက ဂိုးပေါက်နဲ့လွဲချော်စွာကန်ပြီးသွားပြီ။ ဒါပေမယ့် VAR ရဲ့အကြံပြုချက်အရ ဒိုင်လူကြီးက ဒီဖြစ်ရပ်ကို မော်နီတာမှာပြန်ကြည့်ခဲ့ပြီး ပယ်နယ်တီအဖြစ်သတ်မှတ်ပေးလိုက်တယ်။ ဒါကို ဟာရီကိန်းက အမှားအယွင်းမရှိကန်ခဲ့ပါတယ်။

ပွဲချိန်(၁၈)မိနစ်လောက်မှာ (၁-၁)ဖြစ်ခဲ့တဲ့ပွဲက ပွဲချိန်(၉၀)မိနစ်ရောက်မှ (၂-၁)ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြားထဲက ပွဲချိန်မိနစ်(၇၀)လောက်က အလကားတော့မဖြစ်ခဲ့ပါဘူး။ ရင်ခုန်စိတ်လှုပ်ရှားစရာရသတွေပေးခဲ့ပြီး ဒီအထဲမှာဒန်ဖရိုင်းစ်ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခဲ့ရတဲ့ ဖိုဒန်ရဲ့ဂိုးဝင်လုဝင်ခင် ကြိုးပမ်းမှု၊ ဖိုဒန်ပဲ ပယ်နယ်တီစည်းအစပ်က ကန်သွင်းခဲ့ပြီး တိုင်ထိထွက်ခဲ့တဲ့ ကန်ချက်၊ ဝေါ်လ်ကာလူကျွံနေလို့ ငြင်းဆန်ခံခဲ့ရတဲ့ ဆာကာရဲ့အနိုင်ဂိုးတွေပါဝင်ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ် အသည်းအသန်ကာကွယ်ခဲ့ရတဲ့ နယ်သာလန်ရဲ့ဂိုးကန်သွင်းမှုတွေကလည်း ပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။

အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးသွင်းပေးသွားသူက လူစားဝင်လာတဲ့ ဗီလာတိုက်စစ်မှူး အိုလီဝက်စ်ကင်ဖြစ်ပြီး ကိုးလ်ပါမား ခင်းပေးခဲ့တဲ့ဘောလုံးကို ဖြစ်နိုင်ခြေနည်းပါးတဲ့ Angle ကနေ ဂိုးထောင့်ကျဉ်းထဲကို ချိုးပြီး ကန်သွင်းခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ယူရို-၂၀၁၆ အထိ ဗိုလ်လုပွဲတစ်ကြိမ်မှ မတက်ဖူးခဲ့ပေမယ့် နောက်ဆုံးပြိုင်ပွဲ(၂)ကြိမ်မှာတော့ ဗိုလ်လုပွဲကို ဆက်တိုက်ရောက်ရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ ခြေစွမ်းတက်နေတဲ့စပိန်နဲ့ ရင်ဆိုင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *