နယ်သာလန်တိုက်စစ်မှူး ဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ မန်ယူနိုက်တက် ခေါ်ယူ

0

မန်ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာက နယ်သာလန်တိုက်စစ်မှူး ဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ရှိနေတဲ့ ဇာခ့်ဇီဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းရဲ့ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာခဲ့သူပါ။

ဇာခ့်ဇီဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအသင်းအတွက် (၃၇)ပွဲပါဝင်ကစားပြီး (၁၂)ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ပါးမားနဲ့ အန်ဒါလက်ချ်အသင်းတွေမှာ ကစားခဲ့တဲ့ ဇာ့ခ်ဇီဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ နယ်သာလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး လူစားဝင်ကစားသမားအဖြစ်(၂)ပွဲပါဝင်ကစားခဲ့ပါတယ်။ ဇာ့ခ်ဇီဟာ မန်ယူနိုက်တက်အသင်းမှာ တိုက်စစ်မှူး ဟွိုင်လန်းနဲ့ နေရာပြိုင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

ဇာခ့်ဇီက “မန်နေဂျာ၊ကလပ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအပြီးမှာ အနာဂတ်က ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာ သိခဲ့ရပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့အောင်မြင်မှုမှာ ကျွန်တော်အစိတ်အပိုင်းအဖြစ် ပါဝင်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး။ လာမယ့် စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီ”လို့ ကလပ်ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဒီနွေရာသီမှာ ဒတ်ချ်ကစားသမားတွေ၊ဒတ်ချ်နည်းပြအဖွဲ့ဝင်တွေနဲ့ တည်ဆောက်ဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဇာ့ခ်ဇီကို ခေါ်ယူပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆွေးနွေးနေပြီး အဆင်ပြေရင် အပြောင်းအရွှေ့ကို အမြန်ဆုံးလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *