မန်ယူနိုက်တက်ထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ အတွက် ဗြိတိန်ကို ယိုရို ထွက်ခွာ

0

ပြင်သစ်ဗဟိုနောက်ခံလူ ယိုရိုဟာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့အတွက် ဆေးစစ်မှုခံယူဖို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေသဘောတူညီမှုရယူဖို့ ဗြိတိန်ကို ထွက်ခွာလာခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ယိုရိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်း၊ add-ons ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့တာကို လိုင်လီအသင်းက လက်ခံခဲ့တာပါ။

ဒါပေမယ့် ယိုရိုရဲ့ဦးစားပေးရွေးချယ်မှုက ရီးရဲလ်မက်ဒရစ်အသင်းဖြစ်နေတာကြောင့် အပြောင်းအရွှေ့မဖြစ်မှာကို မန်ယူနိုက်တက်အသင်းက စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ကို အမြန်ဆုံးဖြစ်အောင်လုပ်ဆောင်ပြီး ယိုရိုကို(၅)နှစ်စာချုပ်(စာချုပ်ကုန်ဆုံးရင် နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်)နဲ့ လက်မှတ်ထိုးနိုင်ဖို့ စီစဥ်နေတာပါ။ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက်(၄၁)ပွဲပါဝင်ကစားခဲ့တဲ့ ယိုရိုကိုခေါ်ယူဖို့ လီဗာပူးလ်အသင်းနဲ့ PSG အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နယ်သာလန်တိုက်စစ်မှူးဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူခဲ့တာကြောင့် ယိုရိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကလပ်ရဲ့ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာမှာပါ။

ဗဟိုခံစစ်နဲ့ တိုက်စစ်မှူးခေါ်ယူဖို့က ဒီနွေရာသီမှာ မန်ယူနိုက်တက်အသင်းရဲ့အဓိကဦးစားပေးဖြစ်တာကြောင့် အပြောင်းအရွှေ့အမြန်ဆုံးဖြစ်မြောက်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နောက်ထပ်ဗဟိုနောက်ခံလူခေါ်ယူမှုအဖြစ် ဘိုင်ယန်မြူးနစ်အသင်းက ဒီလစ်နဲ့ အဲဗာတန်အသင်းက ဘရန့်ဝိတ်ကို ခေါ်ယူဖို့လည်း ကြိုးစားနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေခေါ်ယူဖို့ ပစ်မှတ်ထားနေသလို အသင်းက ကစားသမားတွေရောင်းချဖို့လည်း လုပ်ဆောင်နေပါတယ်။

လူငယ်ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ကမ်ဘွာလာဟာ ဗီလာရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး လင်ဒီလော့ဖ်ကလည်း ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ဖို့စီစဥ်နေပါတယ်။ ဒါ့အပြင် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းထံ ပေါင်(၃၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *