လစာကြွေးကျန်အတွက် PSG ကို ဘာပေ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင် ဖွင့်ဟ

0

ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဘာပေဟာ အသင်းဟောင်း PSG အသင်းဆီကနေ သူရဖို့ရှိတဲ့ လစာကြွေးကျန်တွေ မရရှိဘူးဆိုရင် တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင်ဖြစ်သူ ဖေဇာလာမာရီက Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ပြင်သစ်လီဂူး-၁ လက်ရှိချန်ပီယံ PSG အသင်းဟာ ဘာပေကို လစာအပြင် အပိုဆုကြေးအတွက် ယူရိုသန်း(၈၀)ပေးချေရခြင်းမရှိသေးဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

အသက်(၂၅)နှစ်အရွယ်ရှိ ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးတဲ့ ဇွန်ကထွက်ခွာခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် ဘာနေဗျူးရှိ ပရိသတ်ပေါင်း(၈)သောင်းကျော်အရှေ့မှာ တရားဝင်မိတ်ဆက်ခဲ့တာပါ။

Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာပေအနေနဲ့ PSG အသင်းကို တရားရုံးဆီခေါ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးမြန်းခဲ့ရာမှာ ဘာပေရဲ့မိခင်ဖြစ်သူ ဖေဇာလာမာရီက “ကျွန်မတို့မှာ တခြားရွေးချယ်စရာမရှိဘူးဆိုရင် ဒါကိုလုပ်ဆောင်သွားမှာပါ။ လွန်ခဲ့တဲ့(၂)နှစ်က စာချုပ်ကိုလေးစားဖို့ အလွန်မျှော်လင့်ပါတယ်”လို့ ဖြေခဲ့ပါတယ်။

PSG အသင်းတာဝန်ရှိသူတွေကတော့ အသင်းကနေ ဘာပေအလွတ်နဲ့ထွက်ခွာတဲ့အပေါ် စိတ်ပျက်ပြီး သူ့ကိုပေးချေရမယ့် ငွေကြေးပေးချေဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဘာပေဟာ PSG အသင်းမှာ (၇)ရာသီကြာကစားခဲ့ပြီး (၃၀၈)ပွဲကစားခဲ့ရာမှာ (၂၅၆)ဂိုးသွင်းပြီး ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့တာပါ။ ဘာပေဟာ PSG အသင်းနဲ့အတူ ပြင်သစ်လီဂူး-၁ ဖလား(၆)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၅)ခု ရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *