လာမင်းယာမားလ်ကို လစာချက်ချင်းတိုးပေးဖို့ ဘာစီလိုနာကို ဂျော့ချ်မန်ဒက်စ် တောင်းဆို

0

စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ကစားသမားဖြစ်သူ စပိန်ကြယ်ပွင့် လာမင်းယာမားလ်ကို လစာချက်ချင်းတိုးပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုခဲ့ပါတယ်။

စပိန်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက်(၁၇)နှစ်အရွယ်ရှိ လာမင်းယာမားလ်ဟာ ဥရောပရဲ့အကျော်ကြားဆုံး ဆယ်ကျော်သက်တွေထဲက တစ်ဦးဖြစ်ခဲ့သူပါ။

လာမင်းယာမားလ်ဟာ ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ လှပတဲ့ဂိုးသွင်းယူခဲ့သလို ပြိုင်ပွဲတစ်လျှောက်ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လာမင်းယာမားလ်ရဲ့ခြေစွမ်းတွေကြောင့် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ကစားသမားကို လစာတိုးပေးဖို့ ဘာစီလိုနာအသင်းကို ပြောလာခဲ့တာပါ။ ဘာစီလိုနာအသင်းကတော့ လာမင်းယာမားလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၆ မှာ လစာတိုးပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လစာတိုးပေးပြီးတာနဲ့ လာမင်းယာမားလ်ကို ၂၀၃၀ အထိသက်တမ်းဖို့အတွက် သီးသန့်သဘောတူညီမှုတစ်ခုကို ရရှိထားတယ်လို့ SPORT က ဖော်ပြထားတာပါ။ ဒါပေမယ့် စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ ဂျော့ချ်မန်ဒက်စ်ရဲ့ပြောဆိုမှုအတိုင်း လာမင်းယာမားလ်ရဲ့တိုးတက်မှုအတွက် ချက်ချင်းလစာတိုးပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

လာမင်းယာမားလ်ဟာ အားကစားနဲ့ စီးပွားရေးအရ ဘာစီလိုနာအသင်းအတွက် အလွန်တန်ဖိုးရှိတဲ့သူဖြစ်တာကြောင့် ၂၀၂၆ အထိစောင့်ခိုင်းမယ့်အစား လစာချက်ချင်းတိုးပေးဖို့ ဆန္ဒရှိနေကြတာပါ။ လာပေါ်တာနဲ့ ဂျော့ချ်မန်ဒက်စ်တို့ဟာ ရင်းနှီးတဲဆက်ဆံရေးရှိပြီး ဂျော့ချ်မန်ဒက်စ်ဟာ လာမာစီယာအကယ်ဒမီကစားသမားအချို့ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *