အင်္ဂလန်ကို အက်ဒီဟောင်းကိုင်တွယ်ရင် ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ နယူးကာဆယ် ချဉ်းကပ်ဖွယ်ရှိ

0

နယူးကာဆယ်အသင်းဟာ နည်းပြဖြစ်သူ အက်ဒီဟောင်းက အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ဆုံးဖြတ်ခဲ့ရင် သူ့နေရာမှာအစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ ချဉ်းကပ်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ထွက်ခွာသွားတဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ အက်ဒီဟောင်းကို နံပတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။

အင်္ဂလန်အသင်းနည်းပြသစ်ဆန်ခါတင်စာရင်းမှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာ၊အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေအပါအဝင် ထိပ်တန်းနည်းပြအချို့ပါဝင်နေတာဖြစ်ပါတယ်။ အက်ဒီဟောင်းက မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူဟာ နယူးကာဆယ်အသင်းမှာ ဆက်ရှိမယ်လို့ ပြောထားပေမယ့် သူလိုချင်တဲ့ပုံစံအတိုင်း အလုပ်ကိုလွတ်လွတ်လပ်လပ်လုပ်ချင်တယ်လို့ သတိပေးထားတာပါ။

အက်ဒီဟောင်းဟာ အင်္ဂလန်အသင်းကိုလည်း ကိုင်တွယ်ချင်သလို နယူးကာဆယ်အသင်းမှာပဲ ဆက်ရှိချင်နေတာကြောင့် နယူးကာဆယ်အသင်းဟာ သူ့ဆီကနေ လျင်မြန်တဲ့အဖြေကို လိုချင်နေတယ်လို့ သိရပါတယ်။ ဒါမှလည်း နယူးကာဆယ်အသင်းဟာ ရာသီသစ်မစတင်ခင်မှာ နည်းပြသစ်ခန့်အပ်ဖို့လုပ်ဆောင်ရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတဲ့ ပိုချက်တီနိုဟာ သူတို့ရဲ့ပစ်မှတ်အဖြစ်ရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီတွေအတွင်းမှာ နယူးကာဆယ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ရလဒ်ကောင်းတွေရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ အာမန်ဒါစတေ့ဗ်လေနဲ့ ဂိုဒိုဆီတို့ဟာ သူတို့ရဲ့ရှယ်ယာတွေကို ရောင်းချပြီး ထွက်ခွာခဲ့တာကြောင့် အက်ဒီဟောင်းဟာ နယူးကာဆယ်အသင်းမှာ သူ့ရဲ့အရင်းအနှီးဆုံးမဟာမိတ်တွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီနွေရာသီမှာ နယူးကာဆယ်အသင်းရဲ့အားကစားဒါရိုက်တာအသစ်ဖြစ်လာတဲ့ ပေါလ်မစ်ချယ်လ်ဟာ ဆောက်သမ်တန်နဲ့ စပါးအသင်းမှာ လက်တွဲခဲ့တဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်ရဖို့ ရှိနေတာပါ။

နယူးကာဆယ်အသင်းဟာ ရာသီသစ်မတိုင်ခင် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဇူလိုင်(၂၇)ရက်မှာ ဟားလ်စီးတီးအသင်းနဲ့ ခြေစမ်းပွဲကစားပြီးရင် ဂျပန်နိုင်ငံကိုထွက်ခွာကာ ဂျေလိဂ်ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *