ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ ကစားပုံကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ကွန်ပနီ ရပ်တန့်

0

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ ဂျာမန်ကွင်းလယ်လူ ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ဘောလုံးပေးပို့မှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ရပ်တန့်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ မြင့်မားတဲ့ စံနှုန်းတွေထားရှိနေတာကို ဒီရုပ်သံဖိုင်မှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဂေါ်ရက်စကာဟာ ခံစစ်ကနေ ဘောလုံးကို ပေးပို့ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့အားနည်းတဲ့ပေးပို့မှုကြောင့် ဖြတ်လုခြင်းခံခဲ့ရပါတယ်။

ကွန်ပနီဟာ ဂေါ်ရက်စကာရဲ့ကစားပုံကို လက်ခံနိုင်ခြင်းမရှိတဲ့အတွက် စိတ်ပျက်ပြီး လေ့ကျင့်ခန်းအစီအစဉ်ကို ချက်ချင်းရပ်တန့်ပစ်ခဲ့တာပါ။ ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ကွန်ပနီရဲ့လုပ်ဆောင်ပုံကို ချီးကျူးခဲ့ပြီး ဂေါ်ရက်စကာကို ဝေဖန်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “ဘိုင်ယန်မြူးနစ်က တကယ်ကို ပြန်လာနိုင်တယ်”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “ဒါက ဆိုးရွားတဲ့ပေးပို့မှု”လို့ ရေးသားကာ နောက်ထပ်တစ်ဦးကတော့ “ဂေါ်ရက်စကာက ကြွက်သားပဲရှိပြီး စွမ်းရည်က အနည်းငယ်ပဲရှိလို့ သူ့ကိုဘိုင်ယန်က ထုတ်ပစ်သင့်တယ်”လို့ ရေးသားခဲ့ ပါတယ်။

ကွန်ပနီဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရာသီသစ်မှာ ဆုဖလားရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား အိုလီဆီနဲ့ ဖူလ်ဟမ်အသင်းကွင်းလယ်လူ ပယ်လ်ဟင်ညာတို့ကို ခေါ်ယူထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *