ဒီလစ်အတွက် မန်ယူနိုက်တက်ရဲ့ကနဦးကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ် ပယ်ချ

0

ဘိုင်ယန်မြူးနစ်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်အတွက် မန်ယူနိုက်တက်အသင်းရဲ့အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ လိုင်လီအသင်းနောက်ခံလူ ယိုရိုကို ခေါ်ယူထားပေမယ့် ဒီလစ်ကိုခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာပါ။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရန်းကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့ရသလို မကြာသေးခင်က လူငယ်နောက်ခံလူ ကမ်ဘွာလာကို ဗီလာရီးရဲလ်အသင်းထံ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ယိုရိုကို ခေါ်ယူပြီးတာတောင် နောက်ထပ်ဗဟိုနောက်ခံလူတစ်ဦးကို ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အိုင်းယက်စ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ဒီလစ်နဲ့အတူလက်တွဲခဲ့ဖူးတာကြောင့် နောက်ထပ်တစ်ကြိမ်ထပ်ပြီးလက်တွဲအလုပ်လုပ်ချင်နေတာဖြစ်ပါတယ်။ ဂျာမန်သတင်းစာ Bild က ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်အတွက် မန်ယူနိုက်တက်အသင်းရဲ့အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီလစ်အတွက် ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူ့အတွက် ဘိုင်ယန်မြူးနစ်အသင်းလိုချင်တဲ့ ပြောင်းရွှေ့ကြေးထက်(၁၅)သန်း လျော့နည်းနေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆက်လက်ချိတ်ဆက်နေပြီး ဒီလစ်အတွက် နောက်ထပ်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်လာဖို့ ရှိနေတာပါ။ ဒီလစ်ဟာ ဒီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *