ရီးရဲလ်မက်ဒရစ်ပစ်မှတ် အာနိုးလ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဖို့ လီဗာပူးလ် စီစဉ်

0

လီဗာပူးလ်အသင်းဟာ အကယ်ဒမီထွက် ညာနောက်ခံလူ အာနိုးလ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် လီဗာပူးလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သစ်အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ စီစဉ်နေတာပါ။

လီဗာပူးလ်အသင်းနဲ့ အာနိုးလ်ရဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာနိုးလ်ဟာ အန်ဖီးလ်မှာ ဆက်ပြီးရှိချင်နေတာကြောင့် လီဗာပူးလ်အသင်းဟာ သူ့ကို ကာလရှည်စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။ The Sun က အာနိုးလ်ဟာ နည်းပြသစ် အာနီစလော့နဲ့ စကားပြောဆိုခဲ့ပြီး လီဗာပူးလ်အသင်းမှာဆက်ရှိဖို့ ကတိပြုထားတယ်လို့ ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းအကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ အာနိုးလ်ဟာ ၂၀၁၆ မှာ အသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရတာပါ။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း(၃၁၀)ပါဝင်ကစားထားပြီး (၁၉)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား(၇)ခုရယူထားတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ စီစဉ်နေသလို အသင်းခေါင်းဆောင် ဗန်ဒိုက်၊တိုက်စစ်ကစားသမား ဆာလာတို့ရဲ့အနာဂတ်ကိုပါ ဖြေရှင်းရဖို့ရှိနေတာပါ။ ဗန်ဒိုက်နဲ့ ဆာလာတို့ဟာ လာမယ့်ရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ လီဗာပူးလ်အသင်းအနေနဲ့ သူတို့ကို စာချုပ်သစ်မချုပ်ဆိုနိုင်ရင် အလွတ်နဲ့ ဆုံးရှုံးရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *