အာဂျင်တီးနား-မော်ရိုကိုပွဲက ဖြစ်ရပ်အတွက် မယုံနိုင်အောင်ဖြစ်ရတယ်လို့ မက်ဆီ မှတ်ချက်ပြု

0

မနေ့က ကစားခဲ့တဲ့ အိုလံပစ်(အမျိုးသားဘောလုံးပြိုင်ပွဲ)အုပ်စုအဖွင့်ပွဲစဉ် အာဂျင်တီးနား(၁-၂)မော်ရိုကိုပွဲက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ မှတ်ချက်ရေးသားခဲ့ပါတယ်။

ဒီပွဲရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပို(၁၆)မိနစ်မှာ အာဂျင်တီးနားအသင်းဟာ (၂)ဂိုးစီသရေဖြစ်စေမယ့် ချေပဂိုးသွင်းယူခဲ့ပေမယ့် မော်ရိုကိုပရိသတ်အချို့ကွင်းထဲဝင်ရောက်လာခဲ့တာကြောင့် (၂)သင်းစလုံးက ကစားသမားတွေကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။

ဒီပွဲကို (၂)နာရီနီးပါးကြာ ရပ်တန့်ခဲ့ပြီး ပရိသတ်တွေအားလုံးရှင်းလင်းသွားမှ လက်ကျန်(၃)မိနစ်ကို ပြန်ကစားဖို့ ပွဲတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပွဲကိုပြန်လည်စတင်ချိန်မှာ ကွင်းလယ်ဒိုင်လူကြီးဟာ အာဂျင်တီးနားသွင်းယူတဲ့ဂိုးကို VAR ပြန်လည်ကြည့်ရှုကာ လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခဲ့တာပါ။ အဲ့ဒါကြောင့် အာဂျင်တီးနားအသင်းဟာ မော်ရိုကိုအသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ‘Insolito’ (မယုံကြည်နိုင်အောင်ဖြစ်မိတယ်)လို့ ရေးသားခဲ့ပါတယ်။ အာဂျင်တီးနားကစားသမားတွေဟာ ထပ်ဆောင်းအချိန်ပိုမှာ ဂိုးသွင်းပြီးလို့ အောင်ပွဲခံချိန်မှာ ရေသန့်ဘူး‌တွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်းကိုပါ ခံခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းအိုလံပစ်အသင်းနည်းပြမာရှေယာနိုက သူ့ဘဝမှာ မြင်တွေ့ဖူးသမျှ အကြီးမားဆုံးဆပ်ကပ်ပွဲလို့ ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ဝေဖန်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ခဲ့တာကြောင့် အုပ်စုတက်နိုင်ဖို့အတွက် လက်ကျန်(၂)ပွဲစလုံးမှာ ရလဒ်ကောင်းရယူဖို့ လိုအပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *