အီဂေါ်သီယာဂိုရဲ့ဒဏ်ရာကြောင့် ဘရန်ဖိုဒ့်မှာ အိုင်ဗန်တိုနေး ဆက်နေရဖွယ်ရှိ

0

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းအသင်းကြီးတွေဆီပြောင်းရွှေ့ချင်နေတဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ ကလပ်အသင်းဖော် အီဂေါ်သီယာဂိုရဲ့ဒဏ်ရာကြောင့် ဘရန်ဖိုဒ့်အသင်းမှာ ဆက်နေရဖွယ်ရှိနေပါတယ်။

အီဂေါ်သီယာဂိုဟာ ဘရန်ဖိုဒ့်အသင်းက ဝင်ဘယ်လ်ဒန်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တာပါ။

အီဂေါ်သီယာဂိုဟာ ဒီပွဲစဉ်မှာ ဘရန်ဖိုဒ့်အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ အီဂေါ်သီယာဂိုဟာ ဒဏ်ရာကြောင့် ဘရန်ဖိုဒ့်အသင်းရဲ့ရာသီကြိုလက်ကျန်ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖွယ်မရှိတော့ပါဘူး။

ဘရန်ဖိုဒ့်အသင်းဟာ အိုင်ဗန်တိုနေးထွက်ခွာသွားခဲ့ရင် အစားထိုးဖို့အတွက် အီဂေါ်သီယာဂိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၁)သန်းနဲ့ ကလပ်ဘရုဂေးအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အီဂေါ်သီယာဂိုရဲ့ဒဏ်ရာကြောင့် အိုင်ဗန်တိုနေးရဲ့အပြောင်းအရွှေ့အစီအစဉ်တွေအပေါ် သက်ရောက်မှုတွေရှိလာနိုင်တာပါ။ The Athletic က အီဂေါ်သီယာဂိုရဲ့ဒဏ်ရာဟာ အိုင်ဗန်တိုနေးရဲ့ထွက်ခွာမှုကို အဟန့်အတားဖြစ်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။

အီဂေါ်သီယာဂိုဟာ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အချို့ကို လွဲချော်နိုင်တာပါ။ အီဂေါ်သီယာဂိုဟာ ပြီးခဲ့တဲ့ရာသီက ကလပ်ဘရုဂေးအသင်းအတွက်(၅၅)ပွဲကစားပြီး (၂၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ စပါးအသင်းတို့ရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ အိုင်ဗန်တိုနေးနဲ့ ဘရန်ဖိုဒ့်အသင်းတို့ရဲ့စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ အဲ့ဒါကြောင့် ဘရန်ဖိုဒ့်အသင်းအနေနဲ့ အိုင်ဗန်တိုနေးကို စာချုပ်သစ်မချုပ်နိုင်ရင် ရောင်းရမှာဖြစ်ပြီး ဒီလိုမဟုတ်ရင် ရာသီအကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *