မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စကို မိမိ ငြင်းဆိုထားခြင်း မရှိဘူးလို့ ဂွါဒီယိုလာ ဆို

0

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက သူဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ငြင်းဆန်ထားခြင်းမရှိဘူးလို့ အမေရိကန်ရာသီကြိုခရီးစဉ်မှာ ပြောခဲ့ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ အသင်းက သူထွက်ခွာနိုင်တယ်လို့ ပြီးခဲ့တဲ့ရာသီက ပြောထားသူပါ။

ဒါပေမယ့် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနည်းပြဘ၀ (၉)ရာသီမြောက်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေချိန်မှာ စာချုပ်သက်တမ်းတိုးနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာပြီး ၂၀၁၆ မှာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူပေးထားနိုင်သူပါ။

ဂွါဒီယိုလာက “ကျွန်တော်ထွက်ခွာမယ်ဆိုရင် ထွက်ခွာမယ်လို့ ပြောမှာဖြစ်ပေမယ့် ဒီလို ကျွန်တော်မပြောခဲ့ပါဘူး။ ဘာတွေဖြစ်မလဲဆိုတာတော့ ဆက်ပြီးကြည့်ရမှာပါ။ စာချုပ်သက်တမ်းတိုးဖို့ကိုလည်း လုံးဝငြင်းဆန်ထားတာမရှိပါဘူး။ ကျွန်တော်ဒီမှာရှိနေရတာကို နှစ်သက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာနိုင်တယ်လို့ ပြောထားခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ သူ့ကို မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ နည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ စောင့်ဆိုင်းမှုတွေရှိနေတာပါ။ ဒါပေမယ့် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်တာကြောင့် FA ရဲ့မျှော်လင့်ချက်တွေ ပျက်ပြယ်သွားနိုင်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *