အိုလံပစ်ပြိုင်ပွဲမှာ မော်ရိုကိုအသင်း ဘတ်စ်ကားကို ဟာကီမီ မောင်းနှင်တယ်လို့ ပရိသတ်တွေ ထင်မြင်ခဲ့

0

ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်နေတဲ့ ရုပ်သံတွေမှာ PSG အသင်းနောက်ခံလူ ဟာကီမီဟာ အိုလံပစ်ပြိုင်ပွဲမှာ မော်ရိုကိုအသင်းဘတ်စကားကို မောင်းနှင်ခဲ့တယ်လို့ ပရိသတ်တွေက ထင်မြင်ခဲ့ပါတယ်။ ဟာကီမီဟာ ပါရီအိုလံပစ်ပြိုင်ပွဲမှာ မော်ရိုကိုအမျိုးသားဘောလုံးအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေတာပါ။

မော်ရိုကိုအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက မော်ရိုကိုအသင်းဘတ်စကားကို ရိုက်ထားတဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ရာ ဟာကီမီဟာ ကားမောင်းနှင်နေတဲ့ ပုံစံဖြစ်နေတာကြောင့် ပရိသတ်တွေက မော်ရိုကိုအသင်းဘတ်စကားကို ဟာကီမီမောင်းနှင်တယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်တွေရေးသားခဲ့တာပါ။

ဟာကီမီဟာ အိုလံပစ်ပြိုင်ပွဲဝင် မော်ရိုကိုအသင်းရဲ့အသက်(၂၁)နှစ်နဲ့အထက် ကစားသမား(၃)ဦးထဲက တစ်ဦးဖြစ်ပြီး နောက်နှစ်ဦးကတော့ ရာဟီမီနဲ့ မူနီယာတို့ဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ဒီနေ့မှာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် နောက်တစ်ဆင့်တက်ရောက်နိုင်မှာပါ။

PSG အသင်းနောက်ခံလူ ဟာကီမီဟာ မော်ရိုကိုအသင်းအတွက် (၇၇)ပွဲပါဝင်ကစားထားပြီး အသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ဒေါ့မွန်နဲ့ အင်တာမီလန်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *