ရီးရဲလ်ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲမှာ အန်းဒရစ် စိတ်လှုပ်ရှားပြီး ငိုကြွေးခဲ့

0

ဘရာဇီးလ်ဆယ်ကျော်သက် အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်ခံရချိန်မှာ ခံစားချက်တွေမထိန်းချုပ်နိုင်ဘဲ ငိုကြွေးနေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အန်းဒရစ်ကို ခေါ်ယူဖို့ ၂၀၂၂ ဒီဇင်ဘာကတည်းက ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပေမယ့် အသက်(၁၈)နှစ်ပြည့်မှ တရားဝင်ခေါ်ယူခွင့်ရရှိခဲ့တာပါ။

အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်ခံရချိန် ဘာနေဗျူးအားကစားကွင်းကြီးထဲမှာ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ငိုကြွေးနေခဲ့သလို သူ့ရဲ့မိဘတွေကလည်း ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။ အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျောနံပတ်(၁၆)ဝတ်ဆင်သွားမှာပါ။ အန်းဒရစ်က သူဟာ ငယ်ငယ်လေးကတည်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပရိသတ်ဖြစ်တဲ့အတွက် ကစားသမားအဖြစ်ကစားရတော့မှာကို အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။

အန်းဒရစ်က “ဒါက ရူးသွပ်ဖို့ကောင်းပါတယ်။ ကျွန်တော်ဒီမှာကစားရတော့မှာဖြစ်လို့ အလွန်ပျော်ရွှင်သလို ကျွန်တော့်မိသားစုလည်း အတူတူပါပဲ။ ကျွန်တော်ခံစားနေရတာတွေကို ဖော်ပြဖို့ စကားလုံးမရှိပါဘူး။ ရီးရဲလ်အတွက် ကစားရမယ့်အိပ်မက်ကတော့ ဒီနေ့မှာ လက်တွေ့ဖြစ်လာခဲ့ပြီ”လို့ ဆိုခဲ့ပါတယ်။

အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်ခံခဲ့ရပေမယ့် ကလပ်အသင်းနဲ့အတူ အမေရိကန်နိုင်ငံကို ထွက်ခွာမယ့် ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါဖွယ်မရှိဘူးလို့ ESPN က ဖော်ပြထားတာပါ။ အန်းဒရစ်ဟာ အတ္တလန်တာအသင်းနဲ့ ကစားမယ့် ဥရောပစူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားဘ၀ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *