ဆဲလ်တစ်ကို ဂိုးပြတ်ရှုံးတဲ့ပွဲက ချယ်လ်ဆီးရဲ့စွမ်းဆောင်ရည်ကို ပရိသတ်တွေ ဝေဖန်ပြစ်တင်

0

ဒီမနက်က ချယ်လ်ဆီး(၁-၄)ဆဲလ်တစ် အမေရိကန်ရာသီကြိုခြေစမ်းပွဲစဉ်က ချယ်လ်ဆီးအသင်းရဲ့စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ချယ်လ်ဆီးအသင်းပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဆဲလ်တစ်အသင်းနဲ့ ပွဲမတိုင်ခင် ရက်စ်ဟမ်းအသင်းနဲ့ ခြေစမ်းပွဲမှာလည်း (၂)ဂိုးစီသရေကျခဲ့တာကြောင့် နည်းပြသစ် မာရက်စ်ကာလက်ထက်မှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဆဲလ်တစ်အသင်းနဲ့ ခြေစမ်းပွဲမှာ ပွဲချိန်မိနစ်(၃၅)မိနစ်အတွင်း သွင်းဂိုး(၂)ဂိုးခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာ သွင်းဂိုး(၂)ဂိုးပေးခဲ့ရကာ ချေပဂိုးကို ပွဲချိန်(၈၉)မိနစ်မှ အန်ကွန်ကူက ပယ်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုအများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ အဲ့ဒါကြောင့် ပရိသတ်တွေဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ချယ်လ်ဆီးအသင်းကို ပြစ်တင်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “ကျွန်တော်တို့အသင်းရဲ့ခံစစ်က အလွန်ဆိုးရွားပြီး ဆဲလ်တစ်ကို ဘာစီလိုအသင်း ရှုံးခဲ့တုန်းက ပုံစံဖြစ်အောင်ဖန်တီးနေတယ်”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “ချယ်လ်ဆီးအသင်းက ဘာတွေဖြစ်သွားတာလဲ၊ ဒီခြေစွမ်းနဲ့ဆိုရင် ပရီးမီးယားလိဂ်အဆင့်(၁၀)အတွင်းတောင် ဝင်နိုင်မှာမဟုတ်ဘူး”လို့ရေးသားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူတို့အသင်းဟာ ဘောလုံးနဲ့အတူ အခွင့်အရေးတွေကို ဖန်တီးရာမှာ ပိုမိုကောင်းမွန်ပေမယ့် ဘောလုံးမရှိတဲ့အချိန်မှာလည်း တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရာသီကြိုတတိယမြောက်ခြေစမ်းပွဲအဖြစ် သြဂုတ်(၁)ရက်မှာ ကလပ်အမေရိကအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *