အားလပ်ရက်အတွင်း ရီးရဲလ်လူငယ်ပရိသတ်ရဲ့အင်္ကျီပေါ်မှာ အာနိုးလ် လက်မှတ်ထိုးပေးခဲ့

0

လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်ဟာ အားလပ်ရက်အပန်းဖြေအနားယူနေချိန်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းအင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်ပရိသတ်တစ်ဦးရဲ့အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ ရုပ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

အာနိုးလ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတဲ့သူပါ။

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့တဲ့ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် လီဗာပူးလ်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးပြီး ကလပ်မှာ ဆက်ထိန်းချင်နေပါတယ်။

ဒီအချိန်မှာ အားနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်လူငယ်ပရိသတ်ရဲ့အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုပြီးထွက်ပေါ်လာခဲ့တာပါ။

အာနိုးလ်ဟာ အင်္ဂလန်အသင်းဖော် ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့အတူ အနားယူအပန်းဖြေနေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့က အာနိုးလ်ဟာ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိနိုင်တယ်လို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

လီဗာပူးလ်အကယ်ဒမီထွက် အာနိုးလ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပွဲပေါင်း(၃၁၀)ပါဝင်ကစားထားကာ (၁၉)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၈၁)ကြိမ်ပြုလုပ်ထားတာပါ။

အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူထားပြီး မကြာခင်ရက်ပိုင်းအတွင်း ရာသီသစ်အတွက် လေ့ကျင့်မှုတွေပြုလုပ်ဖို့ လီဗာပူးလ်အသင်းနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *