မန်စီးတီး-အေစီမီလန်ပွဲက ဗီဒီယိုတစ်ခုကြောင့် ကယ်လ်ဗင်ဖီးလစ်ကို ပရိသတ်တွေ လှောင်ပြောင်

0

အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းက အေစီမီလန်အသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲက ဗီဒီယိုတစ်ခုကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံနေရပါတယ်။

ကယ်လ်ဗင်ဖီးလစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ စိတ်ပျက်စရာကောင်းတဲ ရာသီဝက်ကို ဖြတ်သန်းအပြီးမှာ မန်စီးတီးအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ကယ်လ်ဗင်ဖီးလစ်ဟာ အေစီမီလန်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဒုတိယပိုင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ဘောလုံးရချိန်မှာ ဘယ်ကိုပေးရမလဲမသိဖြစ်နေတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ဘောလုံးရချိန်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ကယ်လ်ဗင်ဖီးလစ်ကို ဝက်စ်ဟမ်းအသင်းပရိသတ်တွေကပါ လှောင်ပြောင်ခဲ့တာပါ။ ကယ်လ်ဗင်ဖီးလစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ အငှားသွားရောက်ကစားချိန်အမှားအယွင်းတွေပြုလုပ်ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုခံခဲ့ရပြီး သူကလည်း လက်ခလယ်ထောင်ကာ ပြန်လည်တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။

ကယ်လ်ဗင်ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပိုင်းကျဆင်းခဲ့လို့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ ကယ်လ်ဗင်ဖီးလစ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ အပြီးသတ်ထွက်ခွာချင်နေပြီး မန်စီးတီးအသင်းကလည်း သူ့ကို အပြီးသတ်ရောင်းချချင်နေတာပါ။ ဒါပေမယ့် မန်စီးတီးအသင်းဟာ ကယ်လ်ဗင်ဖီးလစ်အတွက် အငှားကမ်းလှမ်းမှုတွေကိုသာ ရရှိထားပါတယ်။

၂၀၂၂ နွေရာသီအပြောင်းအရွှေ့က လိဒ်စ်အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းအတွက်(၃၁)ပွဲကစားထားပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *