Idol စီရော်နယ်ဒိုရဲ့ပြိုင်ဘက်အယ်လ်အစ်တီဟတ်ဂျာစီ ဝတ်ဆင်ပြီး ဂါနာချို လေ့ကျင့်မှု ပြုလုပ်

0

မန်ယူနိုက်တက်ကြယ်ပွင့် ဂါနာချိုဟာ အားလပ်ရက်အတွင်း လေ့ကျင့်မှုတွေပြုလုပ်ရာမှာ သူ့ရဲ့Idol ကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ဆော်ဒီပရိုလိဂ်ပြိုင်ဘက်ကလပ် အယ်လ်အစ်တီဟတ်ဂျာစီဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂါနာချိုဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ မပူးပေါင်းသေးဘဲ အားလပ်ရက်ကို ပျော်ပျော်ရွှင်ဖြတ်သန်းနေတာပါ။

မန်ယူနိုက်တက်အသင်းရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကို မလိုက်ပါခဲ့တဲ့ ဂါနာချိုဟာ အားလပ်ရပ်အတွင်း အသင်းဖော် ပယ်လီစထရီနဲ့အတူ ရှိနေတာဖြစ်ပါတယ်။ (၂)ဦးစလုံးဟာ မန်ယူနိုက်တက်အသင်းနဲ့ မပူးပေါင်းသေးပေမယ့် လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေကြတာပါ။ ဂါနာချိုဟာ အယ်လ်အစ်တီဟတ်ဂျာစီဝတ်ဆင်ပြီး ပယ်လီစထရီနဲ့အတူ ရိုက်ထားတဲ့ပုံကို”အလုပ်ပြီးပြီ”ဆိုတဲ့ စာရေးသားကာ Instagram မှာတင်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ ဘန်ဇီမာ၊ ကွန်တေ၊ ဖာဘင်ညိုတို့လို ကြယ်ပွင့်ကစားသမားတွေရှိနေပေမယ့် ပြီးခဲ့တဲ့ရာသီက လိဂ်ပြိုင်ပွဲမှာ ရလဒ်အလွန်ဆိုးရွားခဲ့တာပါ။ ဂါနာချိုဟာ စီရော်နယ်ဒိုရဲ့အမာခံပရိသတ်ဖြစ်ပေမယ့် အယ်လ်အစ်တီဟတ်အသင်းဂျာစီဝတ်ဆင်ထားတဲ့အပေါ် ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ထင်မြင်ချက်အမျိုးမျိုးကို ရေးသားခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “ဂါနာချိုရဲ့ဆော်ဒီအသင်းက အယ်လ်နာဆာလို့ထင်ခဲ့ပေမယ့် အယ်လ်အစ်တီဟတ်အသင်းအင်္ကျီဝတ်ဆင်ထားတာက ထူးဆန်းတယ်”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “သူ့ရဲ့အိုင်ဒယ်လ်က အယ်လ်နာဆာမှာ ကစားနေပေမယ့် သူက ဘာကြောင့် အယ်လ်အစ်တီဟတ်အင်္ကျီဝတ်ဆင်ထားတာလဲ”ဆိုပြီးမေးခွန်းထုတ်ခဲ့တာပါ။

ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်မှာဖြစ်ပေမယ့် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်ဖွယ်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *