ကိုးလ်ပါမားက ချယ်လ်ဆီးအသင်းရဲ့ ဦးစားပေးပယ်နယ်တီကန်သွင်းသူလို့ မာရက်စ်ကာ အတည်ပြု

0

ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာက အင်္ဂလန်တိုက်စစ်ကစားသမား ကိုးလ်ပါမားဟာ လာမယ့်ရာသီကလပ်အသင်းရဲ့ဦးစားပေးပယ်နယ်တီကန်သွင်းသူလို့ အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့ရာသီက မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကိုးလ်ပါမားဟာ နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ဦးစားပေးပယ်နယ်တီကန်သွင်းသူဖြစ်ခဲ့ပေမယ့် ပယ်နယ်တီနဲ့ ပတ်သက်ပြီး အသင်းဖော် မာဒူအက်ကေ၊ ဂျက်ဆန်တို့နဲ့ အငြင်းပွားမှုတွေရှိခဲ့တာပါ။

ပိုချက်တီနိုဟာ ဒီအခြေအနေကို ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကိုးလ်ပါမားကသာ ဦးစားပေးပယ်နယ်တီကန်သွင်းတဲ့သူဖြစ်တယ်လို့ ချယ်လ်ဆီးကစားသမားတွေကို ပြောခဲ့ပါတယ်။

ကိုးလ်ပါမား မပါဝင်နိုင်တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းရရှိတဲ့ ပယ်နယ်တီတွေကို အန်ကွန်ကူနဲ့ မာဒူအက်ကေတို့က ကန်သွင်းယူခဲ့တာပါ။ ဒါပေမယ့် မာရက်စ်ကာက ကိုးလ်ပါမားပြန်လာရင် သူသာ ချယ်လ်ဆီးအသင်းရဲ့ဦးစားပေးပယ်နယ်တီကန်သွင်းသူလို့ ဆိုခဲ့ပါတယ်။

မာရက်စ်ကာက”ပယ်နယ်တီဘယ်သူကန်သွင်းမလဲဆိုတာ ကျွန်တော်ဆုံးဖြတ်မှာပါ။ ကစားသမားတွေမဟုတ်ပါဘူး။ ကိုးလ်ပါမားပြန်လာရင် သူက ဦးစားပေးပယ်နယ်တီကန်သွင်းသူဆိုတာ သေချာပါတယ်။ သူဟာ မနှစ်က ကောင်းမွန်စွာလုပ်နိုင်ခဲ့ပါတယ်”လို့မီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။

ကိုးလ်ပါမားဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး ရာသီသစ်မစတင်ခင်မှာ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဩဂုတ်(၄)ရက်မှာ မန်စီးတီးအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *