အိမ်ရှင်ပြင်သစ်အသင်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲ အိုလံပစ် (အမျိုးသားဘောလုံး) ပြိုင်ပွဲ

0

၂၀၂၄ ပါရီအိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာပြီး ဒီနေ့ညမှာ ကွာတားဖိုင်နယ်(၄)ပွဲစလုံးကို ကစားသွားမှာပါ။

ကွာတားဖိုင်နယ်ပွဲတွေမတိုင်မီ ဘွတ်ကီဒိုင်တွေမှာ ပေးထားတဲ့အလေးပေးချက်တွေအရ အိမ်ရှင်ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်ပြီး (၂/၁)လေးနဲ့ ဦးဆောင်နေပါတယ်။

ပြင်သစ်ရဲ့နောက်မှာ စပိန်၊ အာဂျင်တီးနား၊ မော်ရိုကို အစရှိတဲ့အသင်းတွေရှိနေပါတယ်။

ဥရောပအသင်းတွေအနေနဲ့ ရေပန်းစားမှုမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့အတိုင်း ပြင်သစ်(သို့မဟုတ်) စပိန်အသင်း ဥရောပမြေမှာ ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

နွေရာသီအိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲမှာ စပိန်အသင်းဗိုလ်စွဲခဲ့တဲ့ ၁၉၉၂ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲနောက်ပိုင်းကတည်းက ဥရောပအသင်းတွေဗိုလ်မစွဲတော့တာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ရောက် အသင်း(၈)သင်းထဲမှာ ပြင်သစ်အသင်းက ၁၉၈၄ လော့စ်အိန်ဂျလိစ်အိုလံပစ်မှာ ရွှေတံဆိပ်ရယူဖူးသလို၊ စပိန်က အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၁၉၉၂ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားကတော့ ၂၀၀၄ အေသင်အိုလံပစ်နဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲတွေမှာ ချန်ပီယံ(၂)ကြိမ်ဆက်ဖြစ်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်ရောက် (၈)သင်းမှာ ဒီ(၃)သင်းပဲ အိုလံပစ်ရွှေတံဆိပ်ရယူဖူးပြီး အမေရိကန်၊ ပါရာဂွေးအသင်းတို့ကအမြင့်ဆုံး ငွေတံဆိပ်ဆု၊ ဂျပန်က ကြေးတံဆိပ်ဆုရခဲ့ဖူးပါတယ်။ အီဂျစ်၊ မော်ရိုကို အစရှိတဲ့ အသင်းတွေက ဆုတံဆိပ်မရဖူးဘဲ အခုပြိုင်ပွဲမှာ ပထမဆုံးဆုတံဆိပ်အတွက် ကြိုးစားရမှာပါ။

ကွာတားဖိုင်နယ်ရောက်အသင်းတွေရဲ့ ဗိုလ်စွဲဖို့ ရေပန်းစားမှု

■ ပြင်သစ် – (၂/၁)
■ စပိန် – (၃/၁)
■ အာဂျင်တီးနား – (၄/၁)
■ မော်ရိုကို – (၆/၁)
■ ဂျပန် – (၇/၁)
■ အီဂျစ် – (၈/၁)
■ ပါရာဂွေး – (၁၆/၁)
■ အမေရိကန် – (၂၀/၁)

ကွာတားဖိုင်နယ်အတွဲအဖက်များ

■ ပြင်သစ် – အာဂျင်တီးနား
■ အီဂျစ် – ပါရာဂွေး
■ မော်ရိုကို – အမေရိကန်
■ ဂျပန် – စပိန်

Leave a Reply

Your email address will not be published. Required fields are marked *