ပြင်သစ်နဲ့ အာဂျင်တီးနားကစားသမားတွေ ရန်ဖြစ်နေတာကို မိမိမြင်တွေ့ရတာ မနှစ်သက်ဘူးလို့ အွန်နရီဆို

0

မနေ့က ပြင်သစ်(၁-ဝ)အာဂျင်တီးနား ၂၀၂၄ ပါရီအိုလံပစ်(အမျိုးသားဘောလုံးပြိုင်ပွဲ)ကွာတားဖိုင်နယ်ပွဲစဉ်အပြီး ကွင်းထဲမှာ နှစ်ဖက်ကစားသမားတွေရန်ပွဲဖြစ်ပွားတာကို သူမြင်တွေ့ရတာ မနှစ်သက်ဘူးလို့ ပြင်သစ်အသင်းနည်းပြ အွန်နရီက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲပြီးကတည်းက တင်းမာမှုတွေမြင့်တက်နေတဲ့ ဒီနှစ်သင်းဟာ ဒီပွဲအပြီးမှာလည်း လူပေါင်း(၃၀)ဦးပါဝင်တဲ့ ရန်ပွဲဖြစ်ပွားခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် အာဂျင်တီးနားကစားသမားအချို့ဟာ ပြင်သစ်ကစားသမားတွေကို ရည်ရွယ်ပြီး လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုခဲ့ပြီးနောက် တင်းမာမှုတွေဟာ ပိုပြီးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ပရိသတ်တွေဟာ ဒီပွဲမစတင် အာဂျင်တီးနားကစားသမားတွေနိုင်ငံတော်သီချင်းသီဆိုချိန်မှာ ကျယ်လောင်စွာအော်ဟစ်ခဲ့ကြသလို ပွဲချိန်အတွင်းမှာလည်း လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။

ပွဲအပြီး ပြင်သစ်ကစားသမားတွေအောင်ပွဲခံချိန်မှာ အာဂျင်တီးနားကစားသမားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရုပ်ဆိုးတဲ့ မြင်ကွင်းတွေကို ဖြစ်စေခဲ့ပါတယ်။ ပြင်သစ်အသင်းတာဝန်ရှိသူတွေဟာ ရန်ပွဲအတွင်းက ကစားသမားတွေကို ဥမင်ထဲကို ခေါ်ထုတ်သွားခဲ့ပြီး နောက်ပိုင်းမှ ကွင်းအတွင်းပြန်ဝင်ကာ ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံခဲ့ကြတာပါ။ ပြင်သစ်အသင်းနည်းပြ အွန်နရီက ဒီအဖြစ်အပျက်ကို မြင်တွေ့ရတာ မနှစ်သက်ကြောင်းနဲ့ ရန်ပွဲကြောင့် မီလော့ကို ကွင်းလယ်ဒိုင်လူကြီးက ထုတ်ပယ်ခဲ့တဲ့အတွက် ဒေါသထွက်နေခဲ့ပါတယ်။

အွန်နရီက “ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တာကို ကျွန်တော်သဘောမတူနိုင်ပါဘူး။ ကျွန်တော့်ရဲ့ကစားသမားအနီကတ်ပြသခံခဲ့ရပြီး ဒါကို လက်မခံသလို ဖြစ်လည်းမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနိုင်ရခဲ့ပေမယ့် ကျွန်တော့်ရဲ့ကစားသမားတွေနဲ့ အဆုံးမှာဖြစ်ပျက်ခဲ့တာကို ကျွန်တော်မနှစ်သက်ဘူး”လို့ ဆိုခဲ့တာပါ။

အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *