ချယ်လ်ဆီးနည်းပြ မာရက်စ်ကာရဲ့ကစားပုံစတိုင်ကို မိမိနှစ်သက်တယ်လို့ ခြေစမ်းပွဲအပြီး ဂွါဒီယိုလာဆို

0

ဒီမနက်က မန်စီးတီး(၄-၂)ချယ်လ်ဆီး ရာသီကြိုခြေစမ်းပွဲအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးအသင်းမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ နည်းပြ မာရက်စ်ကာရဲ့ကစားပုံစတိုင်ကို နှစ်သက်တယ်လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် အမေရိကန်ရာသီကြိုခရီးစဉ်မှာ ကလပ်အမေရိကတစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး မန်စီးတီးနဲ့ ဆဲလ်တစ်အသင်းကို ရှုံးနိမ့်ကာ ရက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာလည်း အမှားအယွင်းတွေရှိခဲ့ပေမယ့် ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းမှာ သူနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တဲ့ မာရက်စ်ကာရဲ့လက်အောက်မှာ ချယ်လ်ဆီးအသင်းဟာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်။ မာရက်စ်ကာဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းနည်းပြအဖွဲ့ဝင်အဖြစ်က ထွက်ခွာပြီး လက်စတာအသင်းကို အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် ချယ်လ်ဆိးအသင်းက သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ကွင်းအခြေအနေကြောင့် သူတို့အမှားအယွင်းတွေဖြစ်တာပါ။ စတမ်းဖိုဒ့်ဘရစ်ချ်မှာတော့ ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ အန်ဇိုလုပ်ချင်တာတွေကို ကျွန်တော်မြင်တွေ့ပြီးနှစ်သက်ပါတယ်။ ဒါက ကျွန်တော့်သူငယ်ချင်းဖြစ်လို့ ပြောနေတာမဟုတ်ဘူး”လို့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ပေမယ့် သူတို့ဆီမှာ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်(၁၈)ရက် စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *