တိုက်စစ်မှူး နူနက်ဇ်ရဲ့လီဗာပူးလ်အနာဂတ်အတွက် နည်းပြ အာနီဆလော့ ဆွေးနွေး

0

လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ဟာ ကလပ်မှာအနာဂတ်မရေမရာဖြစ်နေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ အရေးပါတဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။

ဒါဝင်နူနက်ဇ်ဟာ နည်းပြဟောင်း ကလောပ့်လက်ထက်မှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် လီဗာပူးလ်အသင်းအနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်ကာ အသင်းက ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ခဲ့သူပါ။

ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ကတော့ ဒီအခြေအနေကို အလျင်အမြန်ကိုင်တွယ်ခဲ့ပြီး ဒါဝင်နူနက်ဇ်ဟာ လာမယ့်ရာသီ လီဗာပူးလ်အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်မယ်လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ဒါဝင်နူနက်ဇ်က သူ့ကို နည်းပြ အာနီဆလော့က ဖုန်းဆက်ပြီး သူ့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောခဲ့တာကြောင့် ဝမ်းမြောက်နေတယ်လို့ The Mirror က ဖော်ပြထားတာပါ။

၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလက ဘင်ဖီကာအသင်းကနေ ကနဦးပြောင်းရွှေ့ကြေးပေါင်(၆၄)သန်းနဲ့ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်ဇ်ဟာ အင်္ဂလန်မှာရှိနေတဲ့အချိန်အတွင်း ရုန်းကန်ခဲ့ရပြီး မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၅)ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

နည်းပြဟောင်း ကလော့ပ်လက်ထက်မှာ လီဗာပူးလ်အသင်းရဲ့ဦးစားပေးတိုက်စစ်မှူးဖြစ်ခဲ့တဲ့ ဂတ်ပိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒါဝင်နူနက်ဇ်အနေနဲ့ ရာသီသစ်မှာ နေရာပြိုင်ဆိုင်ရဖွယ်ရှိနေတာပါ။

ဒါဝင်နူနက်ဇ်ဟာ ပြိုင်ဘက်အသင်းရဲ့ဂိုးရှေ့မှာဂိုးအဖြစ်ပြောင်းလဲနိုင်မှု(၁၈)ရာခိုင်နှုန်းသာရှိခဲ့ပြီး မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကြီးမားတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ အဆိုးရွားဆုံးသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ဥရုဂွေးအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ထားလို့ လီဗာပူးလ်အသင်းနဲ့ အခုအချိန်ထိ ပူးပေါင်းခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *