ရာသီကြိုခြေစမ်းပွဲမှာ အက်သလက်တီကို ပရိသတ်တွေရဲ့ဆိုးရွားတဲ့အော်ဟစ်မှုကို ဂျော်အိုဖီးလစ်ခံခဲ့ရ

0

ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်ဟာ အက်သလက်တီကိုအသင်းက ဂီတာဖေးအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အက်သလက်တီကိုအသင်းပရိသတ်တွေရဲ့ဆိုးရွားတဲ့ အော်ဟစ်မှုတွေခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ အငှားကစားခဲ့တဲ့ ဂျော်အိုဖီးလစ်ဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ မိခင်ကလပ်ဖြစ်တဲ့ အက်သလက်တီကိုအသင်းနဲ့ လာရောက်ပူးပေါင်းကာ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့တာပါ။

ဂျော်အိုဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက အက်သလက်တီကိုအသင်းကနေ ထွက်ခွာဖို့ စိတ်ဆန္ဒပြင်းပြခဲ့ပြီး ဘာစီလိုနာအသင်းမှာ ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ အပြောင်းအရွှေ့အပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းပရိသတ်တွေဟာ ဂျော်အိုဖီးလစ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့မကျေနပ်ချက်ကို ဂီတာဖေးအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ထုတ်ဖော်ခဲ့ကြတာပါ။ အက်သလက်တီကိုအသင်းပရိသတ်တွေဟာ ဂျော်အိုဖီးလစ်ကို ရည်ရွယ်ပြီး “That Portuguese, son of a b*tch”ဆိုပြီး အော်ဟစ်မှုတွေပြုခဲ့ကြပါတယ်။

ဂျော်အိုဖီးလစ်ဟာ ထောင့်ကန်ဘောကန်ဖို့ လာရောက်တဲ့အချိန်မှာ အက်သလက်တီကိုအသင်းပရိသတ်တွေရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဂျော်အိုဖီးလစ်ဟာ ဒီပွဲစဉ်မှာ အက်သလက်တီကိုအသင်းအတွက် ဂိုးသွင်းယူခဲ့ပေမယ့် ပရိသတ်တွေနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ဖို့ ခက်ခဲသွားခဲ့တာပါ။ ဂျော်အိုဖီးလစ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာချင်နေပြီး သူ့ကို ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ ၂၀၂၉ ဇွန်အထိ စာချုပ်ရှိနေတဲ့ ဂျော်အိုဖီးလစ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)သတ်မှတ်ထားတာပါ။ ဂျော်အိုဖီးလစ်ဟာ အက်သလက်တီကိုအသင်းမှာ ရှိခဲ့တဲ့အချိန်အတွင်း(၁၃၁)ပွဲကစားပြီး (၃၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *