ဟာလန်းရဲ့ဆံပင်ပုံစံအတိုင်း ဒီဘရိုင်းနားလိုက်လုပ်ခဲ့တယ်လို့ ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ ဖော်ပြ

0

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ မန်စီးတီးအသင်းထံ ပြန်ရောက်ရှိလာချိန်မှာ ပြောင်းလဲလာခဲ့တဲ့ ဆံပင်ပုံစံကြောင့် ပရိသတ်တွေက အသင်းဖော်တိုက်စစ်မှူး ဟာလန်းရဲ့ဆံပင်ပုံစံအတိုင်း ပြုလုပ်လာခဲ့တယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီးနောက် အနားယူမှုပြုလုပ်ကာ အခုမှ ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ဒီဘရိုင်းနားဟာ ကားပေါ်ကဆင်းလာပြီးနောက် လေ့ကျင့်ရေးအဆောက်အဦဆီကို သွားရောက်တဲ့အချိန်မှာ ဆံပင်ပုံစံပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး တစ်ဦးဦးရဲ့မေးမြန်းမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကို ဒီဘရိုင်းနားက “ကျွန်တော်ဆံပင်ညှပ်ဖို့လိုအပ်တယ်”လို့ တုံ့ပြန်ခဲ့တာပါ။ ပရိသတ်တွေကတော့ ဒီဗီဒီယိုကို မြင်တွေ့ပြီးနောက် ဟာလန်းရဲ့ဆံပင်ပုံစံနဲ့တူညီနေတာကို သတိထားမိခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “အာလင်းဘရိုင်းနား”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “ဟာလန်းရဲ့သက်ရောက်မှုက တကယ်ထိရောက်တယ်”လို့ရေးသားကာ နောက်ထပ်ပရိသတ်တစ်ဦးက “ဟာလန်းရဲ့ဗားရှင်း”လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ကြတာပါ။

ဒီဘရိုင်းနားဟာ အရင်ကလည်း အသင်းဖော်တွေရဲ့ဆံပင်ပုံစံအတိုင်း ပြုလုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကနေ ပြန်သက်သာချိန်မှာ တောင်ပံကစားသမား ဂရီးလစ်ရှ်ရဲ့ဆံပင်ပုံစံအတိုင်း ပြုလုပ်ခဲ့တာပါ။ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *