ပြဿနာတွေရှိခဲ့ပေမယ့် ချယ်လ်ဆီး ဒု-အသင်းခေါင်းဆောင်အဖြစ် အန်ဇို ခန့်အပ်ခံရဖွယ်ရှိ

0

အီတလီလူမျိုးနည်းပြ မာရက်စ်ကာဟာ ၂၀၂၄-၂၅ ရာသီသစ်အတွက် ချယ်လ်ဆီးအသင်းရဲ့ဒုအသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခန့်အပ်ကြောင်း အတည်ပြုပုံပေါ်ခဲ့ပါတယ်။

ဒီမနက်က ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးနဲ့ ချယ်လ်ဆီးအသင်းအရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ်ဟာ နောက်ခံလူ ရီးစ်ဂျိမ်းစ်ထံကနေ အသင်းခေါင်းဆောင်လက်ပတ်ကို ရယူခဲ့တာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းဒုအသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ဒုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တယ်လို့ တရားဝင်မကြေညာထားပေမယ့် နည်းပြ မာရက်စ်ကာက အခြေနေတွေက ရှင်းလင်းနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားချန်ပီယံဆုရယူအပြီးမှာ သူနဲ့ အာဂျင်တီးနားအသင်းဖော်အချို့က ပြင်သစ်လူမည်းကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုခဲ့တဲ့ ဗီဒီယိုကို သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတာပါ။

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီလုပ်ရပ်ကြောင့် ချယ်လ်ဆီးအသင်းဖော် ပြင်သစ်ကစားသမားတွေရဲ့ဒေါသတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာချိန်မှာ တစ်သင်းလုံးကို တောင်းပန်ခဲ့တာကြောင့် ပြဿနာတွေပြေလည်သွားခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ဝင်ရောက်ကစားနေပြီး အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့တာပါ။

အန်ဇိုဖာနန်ဒက်ဇ်က တရားဝင်ဒုအသင်းခေါင်းဆောင်လားလို့ မီဒီယာသမားတွေမေးမြန်းခဲ့တဲ့အပေါ်မှာ မာရက်စ်ကာက “အန်ဇိုဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတွေထဲက တစ်ဦးပါ။ ရီးစ်ဂျိမ်းစ်က သူ့ကို လက်ပတ်ပေးလိုက်တာက အသင်းမှာ အန်ဇိုကို ဘယ်လောက်အထိလေးစားလဲဆိုတာကို ပြသတယ်လို့ထင်ပါတယ်။ ဒါက တော်တော်လေးရှင်းတယ်လို့ထင်ကြောင်း”ဖြေခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *