Nation League ပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ယာယီနည်းပြအဖြစ် လီကာစလေကို ခန့်အပ်ဖွယ်ရှိ

0

အဲဗာတန်ကစားသမားဟောင်း လီကာစလေဟာ စက်တင်ဘာထဲမှာ ယှဉ်ပြိုင်မယ့် Nations League ပွဲတွေကို ကိုင်တွယ်ဖို့ အင်္ဂလန်အသင်းရဲ့ယာယီနည်းပြအဖြစ်ခန့်အပ်ခံရဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အင်္ဂလန်အသင်းဟာ စက်တင်ဘာမှာ Nations League B အုပ်စုပွဲစဉ်တွေအဖြစ် အိုင်ယာလန်၊ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ရှိနေတာပါ။

အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီး (၂)ရက်အကြာမှာ နည်းပြရာထူးက နုတ်ထွက်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ နည်းပြသစ်ရှာဖွေနေပြီး လီကာစလေဟာ နည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ လီကာစလေဟာ ၂၀၂၁ ကတည်းက အင်္ဂလန်ယူ-၂၁ အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး မနှစ်ကနွေရာသီမှာ ဥရောပဖလားရယူပေးနိုင်ခဲ့တာပါ။

The Telegraph က လီကာစလေဟာ လာမယ့်ရက်သတ္တပတ်ထဲမှာ အင်္ဂလန်အသင်းကြီးရဲ့ယာယီနည်းပြအဖြစ်ခန့်အပ်ခံရဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အသက်(၅၀)နှစ်အရွယ်ရှိ လီကာစလေဟာ အင်္ဂလန်ယူ-၂၁ အသင်းကို ကိုင်တွယ်ရာမှာ ရလဒ်ကောင်းတွေရရှိထားပြီး ပွဲပေါင်း(၂၉)ပွဲကိုင်တွယ်ထားရာမှာ (၂၃)ပွဲအထိ နိုင်ပွဲရယူပေးထားနိုင်တာပါ။ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် အက်ဒီဟောင်း၊ဂရေဟမ်ပေါ်တာ၊ပိုချက်တီနိုနဲ့ တူချယ်လ်တို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဘုတ်အဖွဲ့ဟာ နိုင်ငံခြားနည်းပြတွေကိုပါ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် စဉ်းစားနေပြီး သူတို့ရဲ့စဉ်းစားမှုထဲမှာ လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ပါဝင်နေတာပါ။ ဒါပေမယ့် ကလောပ့်က သူဟာ အခုအချိန်မှာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မှာမဟုတ်ဘူးလို့ ပြောထားခဲ့တာကြောင့် FA ရဲ့မျှော်လင့်ချက်တွေကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *