ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေနဲ့ ဘာပေ ပထမဆုံးလေ့ကျင့်မှုစတင် ပြုလုပ်

0

ပြင်သစ်တိုက်စစ်ကစားသမားဘာပေဟာ အသင်းသစ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့အသင်းဖော်တွေနဲ့ ပထမဆုံးအကြိမ်လေ့ကျင့်မှု‌ပြုလုပ်ခဲ့ပါတယ်။

ဘာပေဟာ ဇူလိုင်(၁၆)ရက်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခံခဲ့ရပေမယ့် ပြင်သစ်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး အခုမှသာ ကလပ်အသင်းသစ်နဲ့ ပူးပေါင်းနိုင်ခဲ့တာပါ။

ဘာပေနဲ့ အတူရီးရဲလ်မက်ဒရစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ကာဗာဟယ်လ်၊ဗယ်လ်ဗာဒီ၊ချူအာမန်နီ၊ကာမာဗင်ဂါ၊မန်ဒီ၊ဘယ်လင်ဂမ်တို့လည်း လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဒီကစားသမား(၇)ဦးဟာ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်မှုတွေကိုသာ ပြုလုပ်ခဲ့ရတာပါ။ သူတို့တွေဟာ အမေရိကန်ခရီးစဉ်က ပြန်ရောက်လာခဲ့တဲ့ ရီးရယ်လ်မက်ဒရစ်အသင်းဖော်တွေနဲ့ ပူးပေါင်းပြီး ဒီနေ့မှာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ရှိနေပါတယ်။

ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပျော်ရွှင်နေခဲ့ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ “Day One,Hala Madrid”ဆိုပြီး ရေးသားကာ လေ့ကျင့်နေတဲ့ပုံတွေကို တင်ထားခဲ့တာပါ။ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်ခဲ့ပေမယ့် လာမယ့် အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ရှိနေပါတယ်။

ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပထမဆုံးပွဲစဉ်မှာ သူ့အတွက် ပထမဆုံးဥရောပဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *