သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး လှုပ်ရှားသူတွေ တိုက်ခိုက်တာခံခဲ့ရတဲ့ အစ်ဘစ်ဇာကျွန်းက မက်ဆီရဲ့အိမ်

0

စပိန်နိုင်ငံ၊ အစ်ဘစ်ဇာကျွန်းမှာ မက်ဆီဝယ်ယူထားတဲ့ ပေါင်(၉.၅)သန်းတန်နေအိမ်က လူတစ်စုရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

မက်ဆီဟာ အစ်ဘစ်ဇာကျွန်းအနောက်ပိုင်းမှာ ရှိတဲ့ ဒီနေအိမ်ကို ဆွစ်ဇာလန်လူမျိုးစီးပွားရေးလုပ်ငန်းရှင် ဖီလစ်ပီအမွန်ထံကနေ ၂၀၂၂ ခုနှစ်က ဝယ်ယူထားတာပါ။

မက်ဆီဟာ သူ့ရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာ၊ ကလေး(၃)ယောက်တို့နဲ့အတူ ဒီနေအိမ်မှာ ရံဖန်ရံခါ လာရောက်အပန်းဖြေနေထိုင်လေ့ရှိပါတယ်။

အခု သူတို့မိသားစုမရှိခင်မှာ လူတစ်စုက နေအိမ်ခြံဝန်းအကာအရံတွေကို ချိုးဖျက်ဝင်ရောက်ပြီး နေအိမ်နံရံမှာ အနီနဲ့ အနက်ဆေးတွေ မှုတ်သွားခဲ့ပါတယ်။

ဒီလို မက်ဆီရဲ့အိမ်ကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့သူတွေက မက်ဆီကို မုန်းလို့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က မက်ဆီတို့လို နာမည်ကျော်တွေရဲ့အိမ်ကို ပစ်မှတ်ထားကြပါတယ်။

ဒီလူတွေက သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးအတွက် ဖွဲ့စည်းထားတဲ့ Futuro Vegetal အဖွဲ့က လူတွေဖြစ်ပါတယ်။ သူတို့က အစ်ဘစ်ဇာကျွန်းမှာ ငွေကြေးအင်အား အားကိုးနဲ့ ဒီလို အိမ်ကြီးအိမ်ကောင်းတွေ လာရောက်ဆောက်လုပ်နေထိုင်သူတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။

မက်ဆီရဲ့နေအိမ်ဆောက်ထားတဲ့ပုံစံက အစ်ဘီဇာကျွန်းနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းတွေနဲ့ မညီကြောင်း Futuro Vegetal အဖွဲ့က ပြောခဲ့ကြပြီး ဆောက်လုပ်ခွင့်ပြုခဲ့တဲ့ စပိန်တာဝန်ရှိသူတွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ငွေကြေးကြွယ်ဝချမ်းသာသူတွေနဲ့ သာမန်ပြည်သူတွေကြား စည်းမျဉ်းဥပဒေတွေက မတူညီဘဲ ဘက်လိုက်မှုတွေရှိနေတာကို သိရှိစေဖို့ ဒီလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ Futuro Vegetal အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘက်ဆာတာရာက ပြောခဲ့ပါတယ်။

လောလောဆယ်မှာတော့ မက်ဆီနဲ့ သူ့မိသားစုဟာ အမေရိကန်နိုင်ငံ မိုင်ယာမီမှာပဲ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *