ပရော်ဖက်ရှင်လက်ဝှေ့သမားဘဝကို ပထမဆုံးဆင်နွှဲတော့မယ့် ဒန်နီဆင်ပ်ဆင်

0

ဘောလုံးလောကမှာ ဘောလုံးသမားဘဝကနေ အခြားမိမိဝါသနာပါရာ အားကစားတွေကို ပြောင်းလဲကစားခဲ့ကြတဲ့ ဘောလုံးသမားတွေများစွာရှိပါတယ်။

ချက်ဂိုးသမားပီတာချက်ဆိုရင် ဘောလုံးသမားဘဝက အနားယူတာနဲ့ ရေခဲပြင်ဟော်ကီကစားတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဘာတစ္စတူတာက ပိုလိုကစားတယ်။ အီတလီနောက်ခံလူမာလ်ဒီနီက တင်းနစ်ကစားတယ်။ ဝေးလ်တောင်ပံကစားသမားဂါရတ်ဘေးလ်က ဂေါက်သီးကစားတယ်။ ဒီလို အားကစားနည်း ပြောင်းရွှေ့ကစားကြတဲ့ ကစားသမားတွေက မနည်းမနောပါပဲ။

လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဒန်နီဆင်ပ်ဆင်ကတော့ လက်ဝှေ့ကို ကူးပြောင်းခဲ့ပါတယ်။

(၂၀၁၅-၁၆) ရာသီမှာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဒန်နီဆင်ပ်ဆင်

ဒန်နီဆင်ပ်ဆင်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ ပထမဆုံးပွဲဦးထွက်ပွဲအဖြစ် အခုလာမယ့် သြဂုတ်(၃၁)ရက်နေ့မှာ အင်္ဂလိပ်လူမျိုး YouTuber တစ်ဦးဖြစ်သူ ဒန်နီအာရွန်စ်နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက်နေ့ကမှ ဒန်နီဆင်ပ်ဆင်ဟာ ဘောလုံးသမားဘဝက အနားယူကြောင်း ကြေညာခဲ့တာပါ။ အိုင်ယာလန်နိုင်ငံ၊ ဒက်ဘလင်မြို့မှာကျင်းပမယ့် Misfits Boxing ပွဲမှာ MF & DAZN : X Serie 17 ပွဲဆိုင်းအဖြစ် ဒန်နီဆင်ပ်ဆင်နဲ့ ဒန်နီအာရွန်စ်တို့ ထိုးသတ်မှာဖြစ်ပါတယ်။

ဒီပွဲက ဒန်နီနှစ်ဦးစလုံးအတွက် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ ပထမဆုံးပွဲဦးထွက်ပွဲလည်း ဖြစ်ပါတယ်။ မန်ယူနိုက်တက်လူငယ်အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ ဒန်နီဆင်ပ်ဆင်ဟာ အသင်းပေါင်းများစွာကို အငှားချခံရပြီးနောက် (၂၀၁၀) မှာ နယူးကာဆယ်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် (၂၀၁၃) မှာ ကျူပီအာ၊ (၂၀၁၄) မှာ လက်စတာအသင်းတို့ကို ပြောင်းရွှေ့ပြီး (၂၀၁၅-၁၆) ရာသီမှာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ လက်ဝှေ့သမားတစ်ဦးဘဝကို ပြောင်းလဲခဲ့တဲ့ ဒန်နီဆင်ပ်ဆင်အနေနဲ့ ပထမဆုံးပွဲဦးထွက်ပွဲမှာ ဘယ်လိုတာထွက်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *