ဩဂုတ်လ (၁၀) ရက်နေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

0

ကွန်မြူနတီဒိုင်းလုပွဲ

မန်စီးတီး-မန်ယူနိုက်တက်
(10 August 2024/ 8:30 pm)

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းမှမရဖူးသေးတဲ့ (၄)ကြိမ်ဆက်ချန်ပီယံမှတ်တမ်းကို ရယူထားတယ်။ ဒါပေမယ့် ကွန်မြူနတီဒိုင်းနောက်ဆုံး(၄)ကြိမ်ချန်ပီယံအသင်းတွေကို ကြည့်ရင်တော့ မန်စီးတီးအသင်း လုံးဝမပါဝင်တာကိုတွေ့ရလိမ့်မယ်။

နောက်ဆုံး(၃)ရာသီမှာ လက်စတာ၊ လီဗာပူးလ်၊ အာဆင်နယ်အစရှိတဲ့ FA ဖလားချန်ပီယံအသင်းတွေကို မန်စီးတီးဆက်တိုက်ရှုံးခဲ့တယ်။

ဒီတော့ ကွန်မြူနတီဒိုင်းကို ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းက သိပ်မမက်မောဘူးလို့ ယူဆစရာရှိလာတယ်။

မန်ယူနိုက်တက်ကတော့ နောက်ဆုံးသူတို့ကစားခွင့်ရခဲ့တဲ့ ကွန်မြူနတီဒိုင်း (၄)ကြိမ်(၂၀၁၀၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၆)မှာ (၄)ကြိမ်စလုံးအရှုံးမရှိဘဲ အနိုင်ရအောင် ကစားခဲ့တယ်။ ဆိုတော့.. မန်စီးတီးထက်စာရင် မန်ယူနိုက်တက်က ဒီဖလားလုပွဲကို ပိုစိတ်နှစ်ပြီး ကစားလေ့ရှိတယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။

အခုလည်း ဒီဖလားလုပွဲကို ဒီနောက်ပိုင်းမကြာခဏ ကစားနေရတဲ့ မန်စီးတီးထက်စာရင် (၈)နှစ်ကြာမှ ပြန်ကစားခွင့်ရတဲ့ မန်ယူနိုက်တက်က ပိုပြီး ဖိဖိစီးစီးကစားနိုင်တယ်။

ရာသီကြိုခြေစမ်းပွဲတွေမှာ မန်စီးတီးအသင်းက သိပ်အခြေအနေမကောင်းဘူး။ ပွဲတိုင်း(၂)ဂိုးနဲ့အထက်ဂိုးပေးရပြီး (၄)ပွဲမှာ (၃)ပွဲရှုံးခဲ့တယ်။ (၁၁)ဂိုးပေးခဲ့ရတယ်။

မန်ယူနိုက်တက်က ရာသီကြိုခြေစမ်းပွဲ(၅)ပွဲကစားရာမှာ (၂)ပွဲနိုင်တယ်။ (၂)ပွဲရှုံးတယ်။ အာဆင်နယ်နဲ့ပွဲက ပွဲချိန်အတွင်းရှုံးပြီး ပယ်နယ်တီမှာ ပြန်နိုင်တယ်။

ဒီနှစ်သင်း ပြီးခဲ့တဲ့ရာသီ FA ဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်တွေ့တော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ ဗျူဟာနဲ့ မန်ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို ထိန်းချုပ်ကစားခဲ့ပြီး (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့တယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့တဲ့ (၅)ပွဲမှာ မန်ယူနိုက်တက်က ဒီပွဲအပါအဝင် မန်စီးတီးကို (၂)ပွဲနိုင်တယ်။ ဒါကြောင့် မန်စီးတီးအသင်းက မန်ယူနိုက်တက်အသင်းအတွက် အနိုင်မရနိုင်တဲ့၊ အလွန်ခက်ခဲတဲ့ ပြိုင်ဘက်မျိုးတော့မဟုတ်ဘူး။

ဒီပွဲမှာ မန်စီးတီးက ရိုဒရီ၊ ဝေါ်လ်ကာ၊ ဖိုဒန်၊ ဂျွန်စတုန်းစ်အစရှိတဲ့ကစားသမားတွေကို ပွဲပန်းမှု၊ ဒဏ်ရာပြဿနာတွေကြောင့်အနားပေးနိုင်တယ်။ ရီကိုလူးဝစ်၊ မက်အတီး၊ ဘော့ဘ်အစရှိတဲ့ လူငယ်တွေကို ကစားခွင့်ပေးပြီး (ကစားသမားသစ်) ဆာဗီယိုကိုလည်း လူစားထိုးပြီး သုံးစွဲနိုင်တယ်။ ဂိုးသမားနေရာမှာလည်း အီဒါဆန်ထက် အော်တေဂါကိုပဲ သုံးဖို့များတယ်။ ဒါ့ပေမယ့် အသင်းကို ထိန်းကျောင်းဖို့ ဒီယက်ဇ်၊ အကန်ဂျီ၊ ဗာဒီယိုလ်၊ ဒီဘရိုင်းနား၊ ကိုဗာချစ်၊ ဂရီးလစ်ရှ်၊ ဟာလန်းတို့လို ပထမတန်းစားကစားသမားတွေကိုတော့ ကစားစေလိမ့်မယ်။

မန်ယူနိုက်တက်ကတော့ ဒဏ်ရာပြဿနာတွေက ရာသီမစမီကတည်းက တန်ဟက်ကို ခေါင်းကိုက်စေတယ်။ ကစားသမားသစ် ယိုရို၊ တိုက်စစ်မှူးဟွိုင်လန်းတို့ကို ရည်ရှည်အနားပေးရမယ်။ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်ကလည်း မသေချာဘူး။ အီဗန်စ်ကလည်း အဖျားသက်သာခါစပဲ ရှိသေးတယ်။

ဂိုး​ပေါက်ကိုတော့ အိုနာနာပဲ စောင့်မှာပါ။ မာတီနက်ဇ်၊ ရှော၊ ကက်စီမီရို၊ မိုင်နူး၊ ဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်တို့ကို သုံးနိုင်ပြီး ကစားသမားသစ် ဇက်ခ်ဇီကိုလည်း လူစားထိုးဖြစ်ဖြစ်သုံးနိုင်တယ်။

တန်ဟတ်အနေနဲ့ မန်စီးတီးကို ဘယ်လိုထိန်းချုပ်ကစားမလဲဆိုတဲ့ အကွက်ကို သိထားသလို၊ ဒီနှစ်သင်းတွေ့ရင် မန်စီးတီး ပြတ်ပြတ်သားသားအသာမရတဲ့ ပွဲတွေလည်းအများကြီးရှိပါတယ်။ ဒီပွဲမှာလည်း မန်စီးတီးအသင်းအနေနဲ့ ကျားကုတ်ကျားခဲကစားမယ့် အနေအထားမျိုးမရှိတာ အမှန်ပဲ။

ဒါကြောင့် ဒီပွဲမှာ မန်စီးတီးကို မရွေးချယ်ချင်သလို၊ မန်ယူနိုက်တက်ကလည်း လုံးလုံးစိတ်ချလို့မရတဲ့အနေအထားကြောင့် ဘယ်ဘက်ကမှ မနေဘဲ ပုံမှန်ပွဲချိန်အတွင်း သရေကိုပဲ ရွေးချင်တယ်။ (၁-၁)လို ရလဒ်နဲ့ ပယ်နယ်တီကန်ရမယ်။ ပယ်နယ်တီကန်ရင်တော့ မန်စီးတီးအနိုင်ရလိမ့်မယ်လို့ ခန့်မှန်းကြည့်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *