အိမ်ရှင်ပြင်သစ်အသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး အိုလံပစ်ရွှေဆု တစ်ကျော့ပြန်ရယူခဲ့တဲ့ စပိန်အသင်း

0

ပြင်သစ်(၃-၅)စပိန် (A.E.T)
(ပါရီအိုလံပစ် အမျိုးသားဘောလုံးဗိုလ်လုပွဲ)

ပြင်သစ်အိုလံပစ်အသင်းက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ရှုံးပွဲမရှိဘဲ ၂၀၂၄ ပါရီအိုလံပစ်မှာလည်း (၅)ပွဲကစား(၅)ပွဲနိုင် ပေးဂိုး(၁)ဂိုးပဲ ရှိ တဲ့အသင်းဖြစ်ပေမယ့် ချန်ပီယံရွှေဆုအတွက် ကစားရတဲ့ ဗိုလ်လုပွဲမှ စပိန်အသင်းကို (၅)ဂိုးအထိ ပေးပြီးရှုံးခဲ့ရတယ်။

စပိန်အိုလံပစ်အသင်းက ဒီပွဲမှာ ထိုက်ထိုက်တန်တန်အနိုင်ယူခဲ့တာဖြစ်ပြီး နည်းပြဆန်တီဒီနီယာရဲ့လူစားထိုးမှန်ကန်မှုက ပွဲအဖြေကို ပြောင်းလဲသွားစေခဲ့တယ်။

လူငယ်ခြေတက်ကစားသမားတွေ အများအပြားပါဝင်တဲ့ စပိန်အသင်းက အိမ်ရှင်ပြင်သစ်အတွက် ပွဲအစကတည်းက ခက်ခဲစေခဲ့တယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးစရခဲ့တာ ပြင်သစ်အသင်းဖြစ်ပြီး ပွဲချိန်(၁၁)မိနစ်မှာ မီလော့က သွင်းယူခဲ့တယ်။ ဒါပေမယ့် ပထမပိုင်းမှာပဲ စပိန်ဘက်က (၃)ဂိုးပြန်သွင်းခဲ့ပြီး ပွဲချိန်(၁၈၊ ၂၅)မိနစ်တွေမှာ ဖာမင်လိုပက်ဇ်၊ ပွဲချိန်(၂၈)မိနစ်မှာ ဖရီးကစ်ကနေ အဲလက်ဘေနာတို့က သွင်းယူခဲ့ကြတယ်။

ပထမပိုင်းမှာ အားနည်းချက်တွေရှိခဲ့တဲ့ ပြင်သစ်အသင်းက ဒုတိယပိုင်းမှာတော့ ကစားအားကို ပိုတင်ကစားခဲ့ပြီး ချေပဂိုးတွေရဖို့ အစွမ်းကုန်အားထုတ်ခဲ့တယ်။ အားထုတ်တဲ့အတိုင်းလည်း ချေပဂိုးတွေပြန်ရခဲ့ပြီး၊ ပွဲချိန်(၇၉)မိနစ်မှာ အိုလီဆေကန်တဲ့ဖရီးကစ်ကနေ အက်လီအူချီ၊ ပွဲချိန်(၉၀+၃)မိနစ်မှာ ပယ်နယ်တီကနေ မာတီတာတို့က ကန်သွင်းခဲ့လို့ ပုံမှန်ပွဲချိန်အပြီးမှာ (၃-၃)ဂိုးသရေဖြစ်ခဲ့တယ်။

ဒါကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ပွဲချိန်(၁၀၀)မိနစ်မှာ လူစားဝင်ကစားသမားဆာဂျီယိုကာမယ်လိုက ရှေ့ထွက်လာတဲ့ ပြင်သစ်ဂိုးသမားကို ကျော်ပြီး ဦးဆောင်ဂိုးသွင်းခဲ့တယ်။ ပြင်သစ်အသင်းက ချေပဂိုးပြန်သွင်းဖို့ ကြိုးစားနေချိန် ပွဲချိန်(၁၂၀+၁)မိနစ်မှာ ကာမယ်လိုကပဲ Counter Attack ကနေ လျင်မြန်စွာပြေးပြီး နောက်ထပ်တစ်ဂိုးသွင်းယူလိုက်တယ်။

ဒီနှစ်ဂိုးစလုံး ပြင်သစ်ဂိုးသမား ရှေ့ထွက်တာကို အပြစ်ပြောချင်ပြောလို့ရနိုင်ပေမယ့် ဂိုးထဲမှာ ရပ်စောင့်နေရင်လည်း ဂိုးဝင်ဖို့ လွယ်ကူတဲ့ အခြေအနေတွေမှာ ရှိခဲ့ပါတယ်။

အဆုံးသတ်မှာတော့ စပိန်အသင်းက (၅-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၉၉၂ ဘာစီလိုနာအိုလံပစ်နောက်ပိုင်း အိုလံပစ်ရွှေဆုကို နောက်တစ်ကြိမ်ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းကြီးက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး တစ်လတောင် မကြာသေးခင်မှာ စပိန်အိုလံပစ်အသင်းက အိုလံပစ်ချန်ပီယံဖြစ်ခဲ့လို့ စပိန်ဘောလုံးလောကအတွက် အချိုပေါ်သကာလောင်းသလို ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *