အသင်းဟောင်း စပါးနဲ့ Malta Cup ပွဲမှာ ဆုဖလားကိုင်မြှောက်ဖို့ ဟာရီကိန်း ငြင်းဆန်

0

မနေ့က စပါး(၂-၃) ဘိုင်ယန်မြူးနစ် Malta Cup ပွဲစဉ်မှာ ဘိုင်ယန်မြူးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဆုဖလားကိုင်မြှောက်ဖို့ အခွင့်အရေးရခဲ့ပေမယ့် အသင်းဟောင်း စပါးအသင်းကို လေးစားတဲ့အနေနဲ့ ဆုဖလားကိုင်မြှောက်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက စပါးအသင်းက ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဟာရီကိန်းဟာ စပါးအသင်းအိမ်ကွင်းကို ပထမဆုံးအကြိမ် ပြိုင်ဘက်အသင်းကစားသမားအဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

စပါးအသင်းဟာ ဒီပွဲမစတင်ခင်မှာ သူတို့ရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ ဟာရီကိန်းနဲ့ နောက်ခံလူ အဲရစ်ဒိုင်ယာတို့ကို အမှတ်တရလက်ဆောင်ပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဒီပွဲစဉ်မှာ ဒုတိယပိုင်းပြီးခါနီးမှ လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့လက်ခုပ်တီးကြိုဆိုမှုကို ခံခဲ့ရတာပါ။ ဟာရီကိန်းဟာ လူစားလဲဝင်ရောက်လာပြီးအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် ဆုဖလားကိုင်မြှောက်မယ့်အချိန်မှာ ကင်မစ်ချ်ကို လက်ပတ်ပေးပြီး ဆုဖလားကိုင်မြှောက်ဖို့ ငြင်းဆန်နေခဲ့တာကို ရုပ်သံတွေက အမိအရမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဟာရီကိန်းက “ကျွန်တော့်အတွက် အမြဲတမ်းထူးခြားနေမယ့်နေရာကို ပြန်လာရတာဟာ အံ့သြစရာပါပဲ။ မယုံကြည်နိုင်လောက်အောင် ကြိုဆိုမှုအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ မိနစ်အနည်းကြာကစားပြီး ရာသီသစ်အတွက် ပြင်ဆင်ရတာက ကောင်းပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရတာကြောင့် ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ သြဂုတ်(၁၃)ရက်မှာ ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲစဉ်ကစားပြီးရင် သြဂုတ်(၁၇)ရက်မှာ ဂျာမန်ဖလားပထမအဆင့်ပွဲစဉ်အဖြစ် Ulm အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *