အင်္ကျီ စပွန်ဆာမပါဘဲ ပရီးမီးယားလိဂ်ရာသီသစ်ကို ချယ်လ်ဆီးအသင်း စတင်ရဖွယ်ရှိ

0

ချယ်လ်ဆီးအသင်းဟာ အင်္ကျီစပွန်ဆာမပါဘဲ ပရီးမီးယားလိဂ်ရာသီသစ်ကို (၂)ရာသီဆက်တိုက်အဖြစ် စတင်ရဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းဟာ အင်္ကျီစပွန်ဆာအတွက် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးတာပါ။

ချယ်လ်ဆီးအသင်းဟာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ Infinite Athlete စာသားပါအင်္ကျီစပွန်ဆာကို ဝတ်ဆင်ခဲ့ပြီး တနင်္ဂနွေနေ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကစားမယ့် အင်တာမီလန်အသင်းနဲ့ ခြေစမ်းပွဲမှာထပ်ပြီးဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်စည်းမျဉ်းအရ ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အင်္ကျီစပွန်ဆာမပါဘဲ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

ခြေစမ်းပွဲတွေမှာ ကလပ်အသင်းတွေအနေနဲ့ တစ်ပွဲကို စပွန်ဆာတစ်ခုစီပြောင်းပြီး ကစားခွင့်ရှိပေမယ့် ပရီးမီးယားလိဂ်မှာတော့ ကလပ်အသင်းတွေဟာ တစ်ရာသီလုံးကို စပွန်ဆာတစ်ခုတည်းသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။ ဘဏ္ဍာရေးအခက်အခဲရှိတဲ့ အသင်းတွေအတွက် ခြွင်းချက်ရှိနိုင်ပေမယ့် ချယ်လ်ဆီးအသင်းကတော့ ဒီလိုမျိုးပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ အင်္ကျီစပွန်ဆာတစ်ခုရရှိဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း Infinite Athlete နဲ့ တစ်နှစ်ကို ပေါင်သန်း(၄၀)တန်ကြေးရှိ စာချုပ်မချုပ်ခင် စက်တင်ဘာအထိ ပထမ(၆)ပတ်ကို အင်္ကျီစပွန်ဆာမပါဝင်ဘဲ ဖြတ်သန်းခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားအများအပြားခေါ်ယူနေပြီး (၉)ဦးမြောက်ခေါ်ယူမှုအဖြစ် ဝုလ်ဗ်စ်တောင်ပံကစားသမား ပက်ဒရိုနက်တိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *