ဘာစီလိုနာအပါအဝင် အသင်းကြီးတွေရဲ့ပစ်မှတ် နီကိုဝီလီယံစ်ကို ဘီလ်ဘာအို နံပတ်(၁၀)ပေးခဲ့

0

ဘီလ်ဘာအိုအသင်းဟာ စပိန်ကြယ်ပွင့် နီကိုဝီလီယံစ်ကို ရာသီသစ်အတွက် ကျောနံပတ်(၁၀)ပေးခဲ့ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါတယ်။

နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းအပါအဝင် ဥရောပထိပ်သီးအချို့ရဲ့ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းမှာပဲ ဆက်ပြီးရှိနေနိုင်တာပါ။

နီကိုဝီလီယံစ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းက သူ့ကို ကလပ်ရဲ့ဂန္ထဝင်နံပတ်ဖြစ်တဲ့ (၁၀)ပေးခဲ့တာဖြစ်ပါတယ်။ နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က ထွက်ခွာသွားတဲ့ ဘီလ်ဘာအိုအသင်းရဲ့ဂန္ထဝင်ကစားသမားဖြစ်တဲ့ အိုင်ကာမူနီယန်ဆီကနေ ကျောနံပတ်(၁၀)အမွေအနှစ်ကို ဆက်ပြီးတာဝန်ယူရတော့မှာပါ။

နီကိုဝီလီယံစ်က “အိုင်ကာမူနီယန်ဆီကနေ ကျောနံပတ်(၁၀)ရခဲ့လို့ ဂုဏ်ယူမိပြီး ဘီလ်ဘာအိုအသင်းမှာ သူလုပ်ခဲ့သလို သမိုင်းဝင်အောင်ပြုလုပ်သွားမယ်”လို့ ဒီနံပတ်ပါအင်္ကျီကိုကိုင်အပြီးမှာ ဆိုခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ နီကိုဝီလီယံစ်နဲ့ ဘီလ်ဘာအိုအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ဇွန်အထိ သက်တမ်းရှိနေပေမယ့် ဘီလ်ဘာအိုအသင်းဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖွယ်ရှိနေတာပါ။

၂၀၂၁ မှာ ဘီလ်ဘာအိုအသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ နီကိုဝီလီယံစ်ဟာ ကလပ်အသင်းအတွက်(၁၂၂)ပွဲကစားထားပြီး(၂၀)ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက စပိန်ဘုရင့်ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *