ပုံမှန်အချိန်အတွင်း သရေကျနေရင် အချိန်ပိုမကစားဘဲ ပယ်နယ်တီ တန်းကန်မယ့် ဥရောပစူပါဖလားပွဲ

0

ဒီနေ့ညသန်းခေါင်ကျော် (မြန်မာစံတော်ချိန်) သြဂုတ်(၁၅)ရက် နံနက်(၁း၃၀)နာရီမှာ စတင်ကစားမယ့် ဥရောပစူပါဖလားပွဲမှာ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေရင် အချိန်ပို(Extra Time)ကစားမှာ မဟုတ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်ကန်ပြီး ချန်ပီယံအသင်းကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ နှစ်စဉ်ဗိုလ်လုကြတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ အရင်က ပုံမှန်ပွဲချိန်အတွင်း သရေကျနေရင် အချိန်ပိုကစားခဲ့ပြီး ထပ်ပြီး သရေကျနေမှသာ ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့တာပါ။

ဥရောပစူပါဖလားပွဲကို အရင်က အသင်း(၂)သင်း အိမ်ကွင်း/အဝေးကွင်းကစားခဲ့ပေမယ့် ၁၉၉၈ ခုနှစ်ကစပြီး တစ်ကျော့တည်းကစားတဲ့ပုံစံကို ပြောင်းလဲခဲ့တာပါ။

တစ်ကျော့တည်း ကစားရာမှာ ပုံမှန်ပွဲချိန်အတွင်း သရေကျနေရင် အချိန်ပိုကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ပြိုင်ပွဲမှာ မန်စီးတီးနဲ့ ဆီဗီလာတို့ ကစားခဲ့တဲ့ပွဲကစပြီး အချိန်ပိုမထားတော့ဘဲ ပယ်နယ်တီအဆုံးအဖြတ်တန်း ကန်စေခဲ့တာပါ။

အခုနှစ် စူပါဖလားပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအတ္တလန်တာအသင်းတို့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့က National Stadium မှာ ကစားသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဥရောပစူပါဖလားပွဲလိုပဲ အချိန်ပိုထားရှိမှာမဟုတ်ဘူးလို့ ပြိုင်ပွဲတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံ(၅)ကြိမ်၊ ဒုတိယ(၃)ကြိမ်ရယူထားပြီး ဘာစီလိုနာအသင်းက ချန်ပီယံ(၅)ကြိမ်၊ ဒုတိယ(၄)ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဦးဆောင်နေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနှစ်မှာ ဖလားရခဲ့ရင် ဘာစီလိုနာအသင်းကို ကျော်ဖြတ်ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်မှာဖြစ်သလို၊ ရှုံးနိမ့်ခဲ့ရင်လည်း ဘာစီလိုနာနဲ့ မှတ်တမ်းတူသွားမှာပါ။

အတ္တလန်တာအသင်းကတော့ ဥရောပစူပါဖလားပွဲကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ကစားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *