အမေရိကန်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် သဘောတူညီမှုရခဲ့တဲ့ ပိုချက်တီနို

0

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီအကုန်က ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ ထွက်ခွာပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးသလို အင်္ဂလန်အသင်းနည်းပြရာထူးအတွက်လည်း ချိတ်ဆက်မှုတွေခံနေရတာပါ။

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အုပ်စုကထွက်ခွာခဲ့ရတာကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က နည်းပြဖြစ်သူ ဘာဟဲလ်တာကို ရာထူးကထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအောင်မြင်မှုရယူနိုင်ဖို့အတွက် နာမည်ကြီးနည်းပြတွေကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာပါ။

အမေရိကန်အသင်းဟာ လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်ကို ချိတ်ဆက်ခဲ့ပေမယ့် သူက ငြင်းပယ်ခဲ့တာကြောင့် ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ The Telegraph က ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ စာချုပ်သက်တမ်းကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိကိုင်တွယ်ရဖွယ်ရှိတယ်လို့ သိရတာပါ။

အက်စ်ပန်ညို၊ဆောက်သမ်တန်၊စပါးနဲ့ PSG အသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုအတွက် အမေရိကန်အသင်းနည်းပြရာထူးဟာ သူ့အတွက် ပထမဆုံးနိုင်ငံအသင်းနည်းပြအလုပ်အကိုင်ဖြစ်လာမှာပါ။ အမေရိကန်အသင်းဟာ စက်တင်ဘာထဲမှာ ကနေဒါ၊နယူးဇီလန်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ပိုချက်တီနိုဟာ ဒီပွဲတွေမှာ အမေရိကန်အသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *