မန်ယူနိုက်တက်နဲ့ မိမိစာချုပ်သစ်မချုပ်ခင် ထွက်ခွာဖို့အတွက် ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့ ဖာနန်ဒက်စ် ဖွင့်ဟ

0

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ယူနိုက်တက်အသင်းနဲ့ သူစာချုပ်သစ်မှာ လက်မှတ်ရေးမထိုးခင်က ထွက်ခွာဖို့အတွက် ကမ်းလှမ်းမှုတွေရရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းမှာ ၂၀၂၇ ဇွန်အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့် ပါဝင်နေတာပါ။

စာချုပ်သစ်အရ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းမှာ လုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာမယ်လို့ သိရပါတယ်။ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့က စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ မန်ယူနိုက်တက်အသင်းအနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်ခဲ့ပေမယ့် စာချုပ်သစ်နဲ့အတူ ဒါတွေကို အဆုံးသတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်က သူဟာ ဒီနွေရာသီမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေးတွေရခဲ့တယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကလပ်ရဲ့ယုံကြည်မှုက ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်ဟာ အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ ခိုင်မာတဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကလပ်က ကျွန်တော့်ကို လိုအပ်ကြောင်းပြသခဲ့ပါတယ်။ ယူနိုက်တက်အင်္ကျီဝတ်ထားတဲ့ ကျွန်တော့်ရဲ့အကောင်းဆုံးအခိုက်အတန့်တွေလာမှာကို မယုံကြည်ရင် စာချုပ်ထဲမှာ လက်မှတ်မထိုးဘူး”လို့ ပြောခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာ သူ့ရဲ့စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအများအပြား ခံခဲ့ရပေမယ့် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့အပေါ်ကို ယုံကြည်မှုအပြည့်ပေးခဲ့တာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ပွဲတိုင်းနီးပါးပါဝင်ခဲ့ပြီး ပွဲအနည်းငယ်သာ လွဲချော်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်မချုပ်ဆိုခင်မှာ နည်းပြ အဲရစ်တန်ဟတ်ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းအတွက် (၂၃၄)ပွဲပါဝင်ကစားထားပြီး (၇၃)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆၅)ကြိမ်ပြုလုပ်ထားပြီး FA ဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားတို့ကို ရယူထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *