ဇက်ခ်ဇီရဲ့နောက်ကျဂိုးနဲ့ ရာသီအစကို အနိုင်နဲ့ဖွင့်ခဲ့တဲ့ မန်ယူနိုက်တက်

0

မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်
(ပရီးမီးယားလိဂ်ပွဲစဉ် – ၁)

၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒါပေမယ့် လွယ်လွယ်ကူကူအနိုင်ရတာမျိုးတော့ မဟုတ်ခဲ့ဘဲ ဖူလ်ဟမ်ရဲ့တုံ့ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှာ နယ်သာလန်တိုက်စစ်မှူး ဇက်ခ်ဇီသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။

ဒဏ်ရာရသူတွေများနေတဲ့ မန်ယူနိုက်တက်အသင်းက ဒီပွဲမှာ မော်ရိုကိုနောက်ခံလူမက်ဇ်ရာအူရီကို ပွဲအစကတည်းက သုံးခဲ့ရသလို၊ နယ်သာလန်နောက်ခံလူ ဒီလစ်လည်း ပွဲချိန်(၈၀)မိနစ်ကျော်မှာ လူစားဝင်ကစားခဲ့တယ်။မန်ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းပေးခဲ့တဲ့ ဇက်ခ်ဇီကလည်း ပွဲချိန်(၆၀)မိနစ်ကျော်မှ လူစားဝင်ကစားခဲ့တာဖြစ်တယ်။

မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ထဲကို တိုက်စစ်မှူးဟောင်းနစ္စတယ်ရွိုင်းရောက်လာတာက အသင်းရဲ့တိုက်စစ်ပိုင်းကို အရင်ကထက်အများကြီး တိုးတက်သွားစေတာက ငြင်းမရဘူး။ အရင်လို တိုက်စစ်ကစားသမားတွေ ရှေ့ရောက်ရင် ဘာလုပ်လို့လုပ်မှန်းမသိ၊ ကြုံသလို ထိုးဖောက်နေတာမျိုးကို မတွေ့ရဘဲ ကစားကွက်အခင်းအကျင်းနဲ့ တိုက်စစ်ကို ပုံဖော်ကစားနိုင်တာကို တွေ့ရတယ်။

ပထမပိုင်းမှာကတည်းက ဂိုးဝင်နိုင်တဲ့အခွင့်အရေး(၂)ကြိမ်ကို ဘရူနိုဖာနန်ဒက်စ် ဝင်အောင် မကန်သွင်းနိုင်ခဲ့ဘဲ ဖူလ်ဟမ်ဂိုးသမား ဘန်းလေနို ကာကွယ်တားဆီးတာခံခဲ့ရတယ်။ ဖူလ်ဟမ်ဘက်က ထိုးဖောက်မှုတွေကိုလည်း မန်ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမားအိုနာနာကာကွယ်နိုင်ခဲ့တယ်။

မန်ယူနိုက်တက်အသင်း သွင်းယူခဲ့တဲ့ဂိုးကတော့ တိုက်စစ်နဲ့ ကွင်းလယ်ကစားသမားတွေ Build-up ကောင်းကောင်းလုပ်ပြီး ထိုးဖောက်သွင်းသွားတာဖြစ်လို့ ဂိုးရတာထက် အသင်းရဲ့အသက်ဝင်လာတဲ့ တိုက်စစ်အတွက် မန်ယူပရိသတ်တွေ ကျေနပ်စရာဖြစ်စေခဲ့တဲ့ ဂိုးလို့ ပြောရမယ်။

နယ်သာလန်တိုက်စစ်မှူးဟောင်းနစ္စတယ်ရွိုင်းရဲ့လမ်းညွှန်ကိုင်တွယ်မှုအောက်မှာ မန်ယူနိုက်တက်အသင်းရဲ့ နယ်သာလန်တိုက်စစ်မှူးသစ်ဇက်ခ်ဇီက ဒီရာသီ ပရီးမီးယားလိဂ်အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူ့အနေနဲ့ အသင်းအတွက် ဘယ်လောက်အထိ အကျိုးပြုနိင်မလဲ … ဒီရာသီမှာ လိမ္မော်ရောင်တပ်သားတွေနဲ့အတူ မန်ယူနိုက်တက် ဘယ်အထိ ခရီးပေါက်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *