ဩဂုတ်လ (၁၇)ရက် နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ပရီးမီးယားလိဂ်

အာဆင်နယ် – ဝုလ်ဗ်စ်
(17 August 2024/ 8:30 pm)

နယူးကာဆယ် – ဆောက်သမ်တန်
(17 August 2024/ 8:30 pm)

ဝက်စ်ဟမ်း – ဗီလာ
(17 August 2024/ 11:00 pm)

အာဆင်နယ် – ဝုလ်ဗ်စ်

(ပရီးမီးယားလိဂ်)

အာဆင်နယ်က ရာသီကြို ခြေစမ်းပွဲ(၅)ပွဲကစားခဲ့ရာမှာ (၄)ပွဲအနိုင်ရခဲ့တယ်။ ဒီနွေရာသီမှာ လူသစ်ခေါ်တာဆိုလို့ အဓိကကစားသမားအနေနဲ့ ကာလာဖီအိုရီပဲရှိပြီး ဂိုးသမားရေယာကို အပြီးသတ်ခေါ်ယူခဲ့တဲ့ အာဆင်နယ်အနေနဲ့ အပြောင်းအလဲကြီးကြီးမားမားမရှိဘဲ ရာသီသစ်ကို ဖြတ်သန်းမယ့်သဘောရှိတယ်။

အသင်းကထွက်တာလည်း အဓိကကစားသမားထဲက စမစ်ရိုးပဲရှိတယ်။ ပါတေး၊ တင်ဘာတို့ ဒဏ်ရာကပြန်ကောင်းလာတာကလည်း အာဆင်နယ်အတွက် လူသစ်များများစားစားခေါ်စရာမလိုတဲ့အချက်ဖြစ်တယ်။ နောက်တန်းက ကာလာဖီအိုရီ၊ ဂါဘရီယယ်လ်၊ ဆာလီဘာ၊ တင်ဘာ၊ တီယာနေး၊ ဝှိုက်၊ ဇင်ချန်ကို၊ တိုမီယာဆု၊ ကီဝီယာ အစရှိတဲ့ ကစားသမားကောင်းတွေ တစ်ပုံတစ်ပင် ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အနေနဲ့ တောင့်တင်းတဲ့ နောက်တန်းနဲ့ အားအင်ပြည့်တဲ့ အသင်းလူစာရင်းကို ပိုင်ဆိုင်ထားဆဲပါပဲ။

ဝုလ်ဗ်စ်ကတော့ မန်စီးတီးက ကွင်းလယ်လူဒွိုင်းလ်၊ ဘရာဂါက ဂိုးမက်စ်တို့ အပါအဝင် ကစားသမား(၄)ယောက်အားဖြည့်ထားတယ်။ ခြေစွမ်းတက်လာတဲ့ တောင်ပံကစားသမားနက်တို၊ နောက်ခံလူ ကီလ်မန်တို့ကို ဒီနွေရာသီမှာ ရောင်းလိုက်တာတော့ ဝုလ်ဗ်အတွက် နည်းနည်း အားလျော့စရာပဲ။

ဝုလ်ဗ်စ်က အာဆင်နယ်ကို အရင်ကတည်းက ကောင်းကောင်းယှဉ်နိုင်တဲ့အသင်းမဟုတ်ပါဘူး။ နောက်ဆုံးပရီးမီးယားလိဂ်(၆)ပွဲမှာ (၆)ပွဲလုံးရှုံးခဲ့တယ်။ ဝုလ်ဗ်စ်နဲ့ တွေ့တိုင်းလည်း အာဆင်နယ်ဂိုးမြူးပြီး (၃၃)ပွဲဆက်တိုက် ဂိုးသွင်းထားတယ်။

ဒီရာသီအနေအထားအရ အာဆင်နယ်က အရင်ထက်တောင် တောင့်တင်းလာတဲ့အခြေအနေရှိပေမယ့် ဝုလ်ဗ်စ်က သိပ်အားရစရာမရှိဘူး။ ရာသီအဖွင့် အိမ်ကွင်းမှာ အာဆင်နယ် ရလဒ်ကောင်းနဲ့ ဖွင့်မှာ သံသယဖြစ်စရာမရှိဘူး။ (၂-ဝ)(၃-ဝ)လို ရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။

နယူးကာဆယ် – ဆောက်သမ်တန်

(ပရီးမီးယားလိဂ်)

ပြီးခဲ့တဲ့ရာသီက အဆင့်(၇)ပဲရပြီး ဒီရာသီမှာ ဥရောပကို ခြေလှမ်းစရာမရှိတဲ့ နယူးကာဆယ်အနေနဲ့ ပရီးမီးယားလိဂ်ကို အာရုံအပြည့်စိုက်ပြီး ကစားလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အက်ဒီဟောင်းရဲ့အသင်းက ရုန်းကန်ခဲ့ရပေမယ့် အထင်ကြီးလောက်စရာ ခြေစွမ်းကိုတော့ ပြနိုင်ခဲ့တယ်။

ဒီနွေရာသီမှာလည်း အဓိကကစားသမားအားလုံးနီးပါးကို အသင်းက မထွက်အောင် ထိန်းနိုင်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာလည်း လေးစားစရာစွမ်းဆောင်ရည်ကို ပြနိုင်ခဲ့တယ်။ ရာသီကြို(၆)ပွဲကစားရာမှာ (၁)ပွဲပဲရှုံးတယ်။ ဂျီရိုနာလို အသင်းမျိုးကို (၄)ဂိုးပြတ်နိုင်တယ်။ တိုက်စစ်မှာ အစ်ဆက်၊ ဂေါ်ဒွန်တို့ ဂိုးမြူးနေတုန်းပဲ။

ဆောက်သမ်တန်ကတော့ ချန်ပီယံရှစ်မှာ အဆင့်(၄)နဲ့ Play OffS ကနေ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတာဖြစ်တယ်။ ရာသီကြိုမှာတော့ ကစားသမားသစ်တွေ အများကြီးခေါ်ထားတယ်။ အသင်းမှာ ကစားသမားတွေ ဖောင်းပွနေပြီး ဒါကို နည်းပြ ရပ်ဆဲလ်မာတင်ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။

လတ်တလောအနေအထားအရတော့ နယူးကာဆယ်အသင်းက သူ့ဘာသာသူ အထိုင်ကျနေပြီး ဆောက်သမ်တန်ကတော့ ကစားသမားသစ်တွေနဲ့ ကစားသမားဟောင်းတွေ ပုံစံကျဖို့ အချိန်ယူရဦးမယ့် အနေအထားပဲ။ ရာသီကြိုမှာ ရလဒ်တွေကောင်းခဲ့တယ်ဆိုပေမယ့် အနိုင်ရတဲ့ပွဲတွေက ပြိုင်ဘက်တွေအဆင့်အတန်းအရ သိပ်အထင်ကြီးစရာမရှိပါဘူး။

ဒီပွဲလည်း အိမ်ရှင် နယူးကာဆယ်ပဲ ရွေးချယ်ချင်တယ်။ နှစ်သင်းပေါင်း ဂိုးများမယ်။

ဝက်စ်ဟမ်း – ဗီလာ

(ပရီးမီးယားလိဂ်)

ဝက်စ်ဟမ်းက နည်းပြသစ်အဖြစ် လိုပက်တယ်ဟီကို တွေ့ရမယ်။ ကစားသမားသစ်တွေအဖြစ် မန်ယူနိုက်တက်က ဝမ်ဘစ်ဆာကာ၊ ဒေါ့မွန်က ဖူလ်ကု၊ ဝုလ်ဗ်စ်က ကီလ်မန်တို့ကို တွေ့ရမယ်။ အသင်းက အပြောင်းအလဲတွေများနေတာတော့ အမှန်ပဲ။

ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ဝက်စ်ဟမ်းရဲ့ရလဒ်တွေက အားရစရာမရှိဘူး။ (၅)ပွဲမှာ (၁)ပွဲပဲနိုင်ပြီး နိုင်တာလည်း မထင်မရှား အင်္ဂလန်ကလပ်ဒါဂျန်ဟမ်အသင်းကို ဖြစ်တယ်။ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ ဝက်စ်ဟမ်းရဲ့အနေအထားက အာမခံချက်နည်းနေသေးတဲ့အချိန်ဖြစ်တယ်။

ဗီလာကတော့ ဒီနွေရာသီမှာ ချယ်လ်ဆီးပြီးရင် အများဆုံးအဖြစ် ပေါင်သန်း(၁၅၀)လောက်သုံးပြီး ကစားသမားသစ်တွေကို အားဖြည့်ထားတယ်။ အမာဒူအိုနာနာ၊ ဘာကလေ၊ မတ်ဆန် အစရှိတဲ့ကစားသမားတွေက အသင်းက ထွက်သွားတဲ့ ဒေါက်ကလပ်စ်လူးဝစ်၊ ဒီယာဘီတို့နေရာ အစားထိုးနိုင်ခြင်းရှိမရှိကြည့်ရမယ်။

ဒီနှစ်သင်း သမိုင်းကြောင်းတစ်လျှောက်တွေ့ဆုံမှုတွေမှာ အနိုင်အရှုံးကွာဟချက်မကြီးမားဘဲ ဝက်စ်ဟမ်းက (၄၅)ပွဲနိုင်၊ ဗီလာက(၃၉)ပွဲနိုင်ပြီး (၃၆)ပွဲသရေကျခဲ့တယ်။ လက်ရှိမှာ ဝက်စ်ဟမ်းထက်စာရင် ဗီလာက ခြေစွမ်းပိုကောင်းပြီး ကစားရမှာတော့ ဝက်စ်ဟမ်းကွင်းဖြစ်နေတယ်။ ဝက်စ်ဟမ်းအသင်းက အိမ်ကွင်းဖြစ်တဲ့ အိုလံပစ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲဆက်တိုက် အရှုံးမရှိဘူး။

ဒီတော့ ဒီပွဲက သရေနဲ့ ပြီးဖို့ များတယ်။ (၁-၁)လို ရလဒ်ကို အကြိုက်တွေ့မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *