ချယ်လ်ဆီးက ထွက်ခွာတာဟာ ဘင်ချီဝဲလ်အတွက် ပိုကောင်းလိမ့်မယ်လို့ မာရက်စ်ကာ ဆို

0

အီတလီလူမျိုးနည်းပြ မာရက်စ်ကာက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်အနေနဲ့ ချယ်လ်ဆီးအသင်းက ထွက်ခွာတာဟာ သူ့အတွက်ပိုကောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဘင်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ကြံ့ခိုင်မှုပိုင်းကြောင့် ပြိုင်ပွဲစုံ(၂၁)ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့သူပါ။

ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာကတော့ ဘင်ချီဝဲလ်ရဲ့နေရာမှာ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာက မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဘင်ချီဝဲလ်ဟာ သူ့ရဲ့အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတာကြောင့် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာတာက ပိုပြီးကောင်းမယ်လို့ ဆိုခဲ့တာပါ။

မာရက်စ်ကာက”ချီဝဲလ်ဟာ ကျွန်တော်တို့နဲ့အတူ ရှိနေပေမယ့် ဖျားနာနေလို့ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက လေ့ကျင့်မှုမပြုလုပ်နိုင်ခဲ့တာပါ။ သူ့ပုံစံကို ကျွန်တော်နှစ်သက်ပေမယ့် ပြဿနာက မှန်ကန်တဲ့နေရာကို ရှာတွေ့ဖို့ရုန်းကန်နေရတာပါ။ ကျွန်တော်ဟာ ဆုံးဖြတ်ချက်ချရမှာဖြစ်ပြီး ထွက်ခွာတာက ပိုပြီးကောင်းပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို ၂၀၂၀ နွေရာသီက ပေါင်သန်း (၅၀)နဲ့ လက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘင်ချီဝဲလ်ဟာ ပွဲပေါင်း(၁၀၆)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူကာ ချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ကာ ၂၀၂၇ နွေရာသီအထိ စာချုပ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *