ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်က မီဒီယာမှာအငြင်းပွားမှုအားလုံးကို အဆုံးသတ်နိုင်တယ်လို့ ဒီဇာဘီဆို

0

မနေ့က ဘရက်စ်(၁-၅)မာဆေးလ် ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်ဟာ မီဒီယာမှာ အငြင်းပွားမှုတွေအားလုံးကို အဆုံးသတ်နိုင်တယ်လို့ မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ဆိုခဲ့ပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပြင်သစ်လီဂူး-၁ ပွဲဦးထွက်မှာ ပွဲချိန်(၃)မိနစ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒါ့အပြင် ဂရင်းဝုဒ်ဟာ ပွဲချိန်(၃၁)မိနစ်မှာ မာဆေးလ်အသင်းအတွက် ပယ်နယ်တီကနေ နောက်ထပ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ကြိုးစားခဲ့စဉ်တုန်းက ပရိသတ်တွေရဲ့ကန့်ကွက်မှုတွေခံခဲ့ရပြီး မာဆေးလ်မြို့တော်ဝန်ကိုယ်တိုင်ကပါ ဒီအပြောင်းအရွှေ့ကို ဆန့်ကျင်ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ အသင်းဟောင်း မန်ယူနိုက်တက်အသင်းမှာ ကစားချိန်က မုဒိမ်းမှုအပါအဝင် စွဲချက်အမျိုးမျိုးရင်ဆိုင်ခဲ့ရပြီး ၂၀၂၃ ‌ဖေဖော်ဝါရီမှာ ဒီစွဲချက်တွေကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် မာဆေးလ်အသင်းက သူ့ကို အပြီးသတ်ခေါ်ယူခဲ့တာပါ။ မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ဂရင်းဝုဒ်ကို ခေါ်ယူကတည်းက သူ့ကိုကာကွယ်မှုပြုလုပ်ခဲ့ပြီး ဘရက်စ်အသင်းနဲ့ပွဲက ခြေစွမ်းကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

ဒီ‌ဇာဘီက “ဂရင်းဝုဒ်က ထူးခြားတဲ့သူပါ။ သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်ဆိုတာလည်း ပြသနိုင်ခဲ့ပါတယ်။ မီဒီယာမှာအငြင်းပွားစရာတွေအားလုံးကို အဆုံးသတ်သွားဖို့သူဂိုးသွင်းတာမြင်တွေ့ရတာ ဝမ်းသာတယ်”လို့ ဆိုခဲ့ပါတယ်။

မာဆေးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် ဩဂုတ်(၂၆)ရက်မှာ ရင်းမ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *