ကြွက်တက်နေလို့ အကူအညီပေးဖို့ ကူကူရယ်လာရဲ့တောင်းဆိုမှုကို ဟာလန်း လျစ်လျူရှု

0

မနေ့က ချယ်လ်ဆီး(ဝ-၂)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ကြွက်တက်နေလို့ အကူအညီပေးဖို့ ချယ်လ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာရဲ့တောင်းဆိုမှုကို လျစ်လျူရှုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဖြစ်ပြီးနောက် အောင်ပွဲခံအခမ်းအနားကျင်းပချိန်မှာ သူ့ကိုလှောင်ပြောင်သီဆိုမှုပြုလုပ်ခဲ့တဲ့ ကူကူရယ်လာရဲ့လုပ်ရပ်ကို မမေ့သေးကြောင်းဟာလန်းက ပြသသွားခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဟာလန်းအဖွင့်ဂိုးသွင်းယူချိန်မှာလည်း ကူကူရယ်လာဟာ သူ့ကို ထိန်းနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးကန်ခွင်းပြုခဲ့ရပါတယ်။ စပိန်နောက်ခံလူကူကူရယ်လာဟာ ပွဲကစားချိန်အတွင်း ကြွက်တက်နေတဲ့အတွက် သူ့ရဲ့ခြေထောက်ကို ဆွဲဆန့်ပေးဖို့ ဟာလန်းကို အကူအညီတောင်းခဲ့ပေမယ့် ဟာလန်းက သူ့ကိုကြည့်ပြီး လမ်းလျှောက်ထွက်သွားခဲ့တာပါ။ ဒီအချိန်မှာ ချယ်လ်ဆီးအသင်းဖော်တွေ ရောက်ရှိလာခဲ့ပြီး ကူကူရယ်လာကို အကူအညီပေးခဲ့ကြပါတယ်။ ဟာလန်းက ပွဲအပြီးအင်တာဗျူးဖြေဆိုရာမှာ ကူကူရယ်လာဟာ ရယ်စရာကောင်းတဲ့သူလို့ ပြောသွားခဲ့ပါတယ်။

ဟာလန်းက “သူက ရယ်စရာကောင်းတဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ရဲ့အင်္ကျီကိုတောင်းခဲ့ပြီး ဒီ နွေရာသီမှာကျတော့ ကျွန်တော့်အကြောင်းကို သီချင်းလုပ်ပြီးဆိုသွားခဲ့တယ်”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ပွဲဟာ နော်ဝေတိုက်စစ်မှူးဟာလန်းအတွက် မန်စီးတီးကစားသမားဘ၀ ပြိုင်ပွဲစုံ
ပွဲပေါင်း(၁၀၀)ပြည့်ခဲ့တဲ့ပွဲဖြစ်ပြီး (၉၁)ဂိုးအထိသွင်းယူထားနိုင်ခဲ့တာပါ။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဟာလန်းရဲ့ဂိုးသွင်းကိန်းဂဏန်းတွေက မက်ဆီ၊ စီရော်နယ်ဒိုတို့ရဲ့အဆင့်ကို ရောက်ရှိနေတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *